ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တောင်ဥက္ကလာပမြို့နယ် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားသမားအိပ်ဆောင်နှင့် ပွဲကြည့်စင်များ တည်ဆောက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   နိုဝင်ဘာ ၁


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်   တာဝန်ရှိသူများနှင့်အတူ   ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်  ပဒေသာအားကစား ကွင်းသို့ရောက်ရှိပြီး  လေးထပ်အားကစားသမား အိပ်ဆောင်(အောက်ပုံ)နှင့် အားကစားနည်းအလိုက် လေ့ကျင့်ရေးစခန်းတည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ မြန်မာ့လက်ရွေးစင်ပြေးခုန်ပစ် အားကစားလေ့ကျင့် ရေးစခန်း  ဖွင့်လှစ်နိုင်မည့်အခြေအနေများနှင့် အားကစားသမားများ ထားရှိမည့်အိပ်ဆောင်၊ လေ့ကျင့်နိုင်မှုအခြေအနေ၊ ထမင်းစားဆောင်နှင့်  မီးဖိုဆောင်သစ်တည်ဆောက်နိုင်ရေးအခြေအနေကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပရိသတ် ၁၂၀၀ ဆံ့  အရှေ့ ဘက်ပွဲကြည့်စင်တည်ဆောက်ပြီးစီးမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် ပဒေသာအားကစားကွင်းအတွင်းရှိ အားကစားရုံကြမ်းခင်း ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး   ရန်ကုန်တိုင်းဒေသကြီး အတွင်း အားကစားပြိုင်ပွဲများ   စနစ်တကျ ကျင်းပနိုင်ရေး၊ ရန်ကုန်တိုင်း  ဒေသကြီး အားကစားအသင်းများ စခန်းသွင်းလေ့ကျင့်နိုင်ရေး၊ ပဒေသာ အားကစားကွင်းပြေးလမ်း ရေရှည်တည်တံ့အသုံးပြုနိုင်ရေး၊ ဘောလုံးကွင်း ကောင်းမွန် စေရေး၊ မြန်မာ့လက်ရွေးစင် ပြေးခုန်ပစ်အားကစားလေ့ကျင့် ရေးစခန်း အောင်မြင်စွာစည်းကမ်းတကျဖွင့်လှစ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက်  လိုအပ်သည်များအား  ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။                  

သတင်းစဉ်