
နေပြည်တော် ဇန်နဝါရီ ၁၄
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင် ဇမ္ဗူသီရိမြို့နယ် ဘောလုံးအားကစား ကွင်း၊ နှစ်ထပ်တိုင်းရုံး တည်ဆောက်ပြီးစီးမှုနှင့် ရုံးခန်းနေရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဘောလုံး ကွင်းပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည် များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ဘောလုံး အားကစား ကွင်းရှိ ပွဲကြည့်စင် အဆောက်အဦပတ်လည်တွင် ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရေးနှင့် လေ့ကျင့်ရေး အားကစားရုံ-၂ (Training Center-2)ကို ကြည့်ရှု စစ်ဆေးပြီး အားကစားကွင်း/ အားကစားရုံများ ယိုယွင်းပျက်စီးနေမှုများကို ပြန်လည်ပြုပြင် ဆောင်ရွက်၍ ရေရှည်တည်တံ့အောင် စနစ်တကျ ထိန်းသိမ်းထားရှိရန်နှင့် အားကစားနည်းအလိုက် ဆိုင်းဘုတ်ဗွီနိုင်းများ ပြန်လည်တပ်ဆင်ထားရှိရန် တာဝန်ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဘောဂဝတီအားကစားကွင်း ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု၊ ရေစင် တည်ဆောက်ထားရှိမှု၊ ဘောလုံးကွင်း ရေဖျန်းစနစ် တပ်ဆင်ထားရှိမှု၊ အားကစားမှူးနေအိမ်နှင့် ရုံးခန်း တည်ဆောက်ပြီးစီးမှု၊ ဘောလုံးကွင်း ပွဲကြည့်စင် တည်ဆောက်မည့် မြေနေရာလျာထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းပြည်သူ့အားကစားကွင်း ဘောလုံး ကွင်း ပွဲကြည့်စင်ပြန်လည်ပြုပြင်ထားရှိမှု၊ ဂါလန် ၃၂၀၀ ဆံ့ ရေစင်တည်ဆောက်ထားရှိမှု၊ ဘောလုံး ကွင်းအတွင်း ရေဖျန်းစနစ်တပ်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးလုံလေလုံ အားကစားရုံ အတွင်း ခိုငှက်များမဝင်နိုင်အောင် ထိန်းသိမ်း စောင့်ရှောက်ရန်၊ ရုံအတွင်းရှိ စတိတ်စင် ကြမ်းခင်း ပျက်စီးနေမှုကို ပြုပြင်ဆောင်ရွက်သွားရန်နှင့် အားကစားကွင်း/ရုံများ ရေရှည်တည်တံ့စေရေး အတွက် ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းအားကစားကွင်းအတွင်းရှိ အလေးမနှင့် ကာယကြံ့ခိုင်မှုအားကစားခန်းမ ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်