ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် (၂၃)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ - တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်ဆွေးနွေ

 

 

နေပြည်တော်  အောက်တိုဘာ  ၆


(၂၃)  ကြိမ်မြောက်    အာဆီယံအပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့်  သစ်တောဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးကို   ယနေ့နံနက်ပိုင်းက   ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်  ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့      Virtual     စနစ်ဖြင့် တက်ရောက်ကြသည်။ 


ဦးစွာ ပူးတွဲသဘာပတိ  မလေးရှားနိုင်ငံ စိုက်ပျိုး ရေးနှင့်      စားရေရိက္ခာဖူလုံရေးဝန်ကြီးဌာနဝန်ကြီး H.E.Datuk Seri Haji Mohamad bin Sabu   နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊  ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့မှ    ဝန်ကြီးတို့က   အဖွင့်အမှာစကား ပြောကြားကြသည်။


အစည်းအဝေးတွင် (၂၆) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး  ထိပ်သီးအစည်းအဝေးနှင့်  (၂၆)  ကြိမ် မြောက် အာဆီယံအပေါင်းသုံး  စီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့မှ  ထွက်ပေါ်လာသော စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများဆိုင်ရာ လမ်းညွှန် ချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးကြသည်။  


ထို့ပြင် အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားနပ်ရိက္ခာ၊  စိုက်ပျိုးရေးနှင့်  သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု         နည်းဗျူဟာလုပ်ငန်းစဉ် (၂၀၁၆-၂၀၂၅) အောက်မှ  ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍         ပူးပေါင်း ဆောင်ရွက်မှု   နယ်ပယ်များဖြစ်သည့်  စားရေရိက္ခာ ဖူလုံမှုအပါအဝင်  ဇီဝဒြပ်ထုစွမ်းအင် ဖွံ့ဖြိုးတိုးတက် ရေး၊ သစ်တောကဏ္ဍ  ရေရှည်တည်တံ့စေရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းသက်သာ စေရေးနှင့်  လိုက်လျောညီထွေဖြစ်စေရေး၊  တိရစ္ဆာန် ရောဂါများနှင့် အပင်ပိုးမွှားများ ကာကွယ်နှိမ်နင်းနိုင် ရေး၊ လူ့စွမ်းအားအရင်းအမြစ်  ဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များ ထုတ်လုပ်မှုစွမ်းအား တိုးမြင့်စေရေး၊  အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်ရရှိစေရေးကို    တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ သတင်းအချက်အလက်များ      ဖလှယ်မှုပြုနိုင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးတို့တွင်   သက်ဆိုင်ရာ လုပ်ငန်းများကို   အပေါင်းသုံးနိုင်ငံများမှ   နည်းပညာ အထောက်အပံ့များ၊ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေး ပွဲများ၊  သင်တန်းများ   ကူညီထောက်ပံ့ပေးခြင်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏  လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုအတွက်  အထောက်အကူပြုမှုအခြေအနေ များကို ဆွေးနွေးကြသည်။


အစည်းအဝေးတွင်  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က   မြန်မာနိုင်ငံအနေဖြင့်    အာဆီယံ အပေါင်းသုံး  အရေးပေါ်  ဆန်အရန်ရိက္ခာထားရှိရေး သဘောတူညီချက်အရ ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်များ အတွက် လုပ်ငန်းလည်ပတ်မှုရန်ပုံငွေကို ထည့်ဝင်ခဲ့ပြီး ဖြစ်ကြောင်း၊  ယခုလက်ရှိတွင်  အရေးပေါ်ဆန် အရန် ရိက္ခာထားရှိရေးသဘောတူညီချက်၏ လုပ်ငန်းစဉ် (၁) ဖြစ်သည့်    သတ်မှတ်သိုလှောင်ဆန်ကို   စီးပွားရေး နည်းလမ်းဖြင့်  ဖြန့်ဝေခြင်းအစီအစဉ်အရ  ဖိလစ်ပိုင် နိုင်ငံမှ  ဝယ်ယူလိုသည့်  ဆန်တန်ချိန်  ၁၄၀၀၀ ကို မြန်မာနိုင်ငံမှ ရောင်းချပေးရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့်   ဖိလစ်ပိုင်နိုင်ငံတို့အကြား  သဘော တူညီချက်လက်မှတ်ရေးထိုးနိုင်ရေးကို     အာဆီယံ အရေးပေါ် ဆန်အရန် ရိက္ခာထားရှိရေး အတွင်းရေးမှူး ချုပ်ရုံးမှတစ်ဆင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း။  


စိုက်ပျိုးရေးနှင့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးတွင် အာဆီယံ အပေါင်းသုံး နိုင်ငံများ၏  ပူးပေါင်းဆောင် ရွက်မှုသည်  ပြည်သူများ၏  စားရေရိက္ခာဖူလုံရေးတွင် အထောက်အကူများစွာပြုသည့်အတွက်     စားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍတို့၌ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။ 


ထို့နောက် (၂၃) ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့်  သစ်တောဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး၏  ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြပြီး  အစည်းအဝေးကို  အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင် သောအဖွဲ့သည် (၈)ကြိမ်မြောက်  အာဆီယံ-တရုတ် ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးများ   အစည်းအဝေးသို့  Virtual  စနစ်ဖြင့် ဆက်လက်တက်ရောက်ကြသည်။ 


ဦးစွာ သဘာပတိ မလေးရှားနိုင်ငံ  စိုက်ပျိုးရေးနှင့် စားရေရိက္ခာ  ဖူလုံရေးဝန်ကြီးဌာနဝန်ကြီး H.E.Datuk Seri Haji Mohamad bin Sabu  နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ     အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏   ဗဟိုကော်မတီအဖွဲ့ဝင် H.E.Mr. Zhao Zenglian တို့က  အဖွင့်အမှာစကား  ပြောကြား ကြသည်။ 


အစည်းအဝေးတွင်  (၄၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် (၂၆)ကြိမ်မြောက် အာဆီယံ- တရုတ်ထိပ်သီးအစည်းအဝေးများမှ   ထွက်ပေါ်လာ သည့်   ရလဒ်များအား  တင်ပြခြင်း၊  (၈)ကြိမ်မြောက် အာဆီယံ - တရုတ်  အပင်ပိုးမွှားရောဂါကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ          ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များ အစည်းအဝေး၏ အစီရင်ခံစာကို အတည်ပြု ချက်ရယူခြင်းတို့ကို ဆောင်ရွက်ကြသည်။ 


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ဆွေးနွေးရာတွင်(၈)ကြိမ်မြောက် အာဆီယံ - တရုတ် ပိုးမွှားရောဂါ  ကာကွယ်ရေးဆိုင်ရာ  ဆက်သွယ်ဆောင် ရွက်ရမည့် ပုဂ္ဂိုလ်များ၏  အစည်းအဝေး အစီရင်ခံစာ တွင် ဖော်ပြပါရှိသော ၂၀၂၂-၂၀၂၃အတွင်း ဆောင်ရွက် ပြီးစီးခဲ့သည့်  လုပ်ငန်းများကို အားရကျေနပ်မိကြောင်း၊  အဆိုပါ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ် ခဲ့ကြသည့် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကာကွယ် ရေးဆိုင်ရာ  ဆက်သွယ်ဆောင်ရွက်ရမည့် ပုဂ္ဂိုလ်များ ကိုလည်း  ချီးကျူးဂုဏ်ပြုအပ်ကြောင်း  ပြောကြား သည်။


ထို့နောက်  အစည်းအဝေးက  (၈)ကြိမ်မြောက် အာဆီယံ -တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ  ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို  အတည်ပြုခဲ့ပြီး အစည်းအဝေး ကို ညနေပိုင်းတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ယခုပြုလုပ်သည့်  အစည်းအဝေးကို  အာဆီယံ နိုင်ငံများနှင့်       တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က တစ်လှည့်စီ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိရာ (၉)ကြိမ် မြောက် အာဆီယံ-တရုတ် ပိုးမွှားရောဂါ ကင်းစင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ   ဝန်ကြီးများ အစည်း အဝေးကို ၂၀၂၅ ခုနှစ်တွင်  တရုတ်ပြည်သူ့သမ္မတ နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။


သတင်းစဉ်