
နေပြည်တော် အောက်တိုဘာ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Hai Kyung Jun နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာနဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် UNDP- UNHCR တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ဒေသခံပြည်သူများ အတွက် အကျိုးသက်ရောက်မှု ထိရောက်မြန်ဆန် သည့် လုပ်ငန်းဆိုင်ရာစီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်မှု၊ MoU မူဘောင်အရ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အပါအဝင် အခြားသောဝန်ကြီးဌာနများနှင့် လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး အတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နေမှုနှင့် ယင်းလုပ်ငန်းစဉ်အပေါ် မလိုလားသည့်အဖွဲ့များက နှောင့်ယှက်ဟန့်တားဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေအရ ဆောင်ရွက်နိုင်သမျှနေရာများကို သွားရောက်ဆောင်ရွက်ခွင့်ရရှိရေးအတွက် ကူညီ ဆောင်ရွက်ပေးနိုင်ရေးအခြေအနေများ၊ မောင်တော ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် UNHCR ဝန်ထမ်းများ နေခွင့်နှင့်ခရီးသွားလာခွင့် ထပ်မံတိုးမြှင့် တင်ပြမှုအပေါ် ခွင့်ပြုပေးနိုင်ရေးအခြေအနေ၊ မြန်မာ နိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးအတွက် အဆင်သင့်ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ယင်းသို့ဆောင်ရွက်မှုအပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများသို့ ပြန်လည် ရှင်းလင်းပြောကြားပေးနိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်