
နေပြည်တော် ဒီဇင်ဘာ ၁
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗဟိုသင်တန်း ကျောင်း (သုဝဏ္ဏ)၌ သင်တန်းကျောင်းမှ ဝန်ထမ်းများ ၊ အရည်အသွေးထိန်းသိမ်းရေးဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ)မှ ကျောင်းအုပ်ကြီးနှင့် အရည်အသွေးထိန်းသိမ်းရေး ဌာနခွဲ (အဆောက်အဦ၊ လမ်း၊ တံတား)တို့မှ တာဝန်ခံ များက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန် များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီးက ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) အနေ ဖြင့် တိုးတက်မြင့်မားလာသော နည်းပညာအချက် အလက်များကို မျက်ခြည်မပြတ်စေဘဲ ခေတ်နှင့်အညီ လူ့စွမ်းအားအရင်းအမြစ် (Human Resources) မြှင့်တင်ပေးနိုင်ရေး စဉ်ဆက်မပြတ် လေ့လာ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲများအနေဖြင့် တစ်နိုင်ငံလုံးရှိ တည်ဆောက်ရေးလုပ်ငန်းများအတွက် များစွာ အရေးပါသောကြောင့် ဌာနတာဝန်ရှိသူများအနေ ဖြင့် စနစ်တကျစစ်ဆေးဆောင်ရွက်ကြရန်နှင့် ISO အသိအမှတ်ပြု လက်မှတ်ရရှိပြီးသောဌာနဖြစ်၍ လုပ်ငန်းစဉ်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်း များကို ခေတ်နှင့်အညီ ဖြည့်တင်းပေးနိုင်ရေး တာဝန် ရှိသူများက စဉ်ဆက်မပြတ် ကြပ်မတ်စစ်ဆေး၍ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို စနစ်တကျ ထိန်းသိမ်းအသုံးပြုကြ ရန်နှင့် လုပ်ငန်းခွင်အရည်အသွေး ထိန်းသိမ်းရေး အတွက် အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုသွားကြ ရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သတင်းပို့တင်ပြချက် များကို ဖြေရှင်းဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ် ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ခုနစ်ထပ်ဆောင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ တာဝန် ရှိသူများက မြို့ပြ/ရေသန့်/လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းများ လျာထားချက်အတိုင်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြပြီး အဆောက်အဦဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးမျိုးမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ဆေးရုံအဆောက်အဦ ဆိုင်ရာ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့် ကိုက်ညီ အောင် စိစစ်ဆောင်ရွက်ပေးသွားရန်နှင့် တည်ဆောက် ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း အသေးစိတ် လိုက်လံကြည့်ရှု စစ်ဆေး၍ လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူ များအား မှာကြားခဲ့ကြောင်း သိရသည်။ (အပေါ်ပုံ)
သတင်းစဉ်