
ပဲခူး ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးမောင်မောင် အုန်းသည် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူး မြို့ မြို့တော်ခန်းမ၌ တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဝန်ထမ်း များ၊ ပဲခူးတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ လူမှုရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများအား တွေ့ဆုံ၍ သတင်းတု၊ သတင်းမှား များ တိုက်ဖျက်ရေးနှင့် သတင်း မှန်များ ဖြန့်ချိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
မီဒီယာအဆိပ်သင့်မှုအန္တရာယ်
မှတ်တမ်းဗီဒီယိုပြသ
ရှေးဦးစွာ တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှု အန္တရာယ်၊ နိုင်ငံတော်တည်ဆောက်ရေးနှင့် နိုင်ငံတော်မီဒီယာ၏ အခန်းကဏ္ဍ မှတ်တမ်းဗီဒီယိုများကို ပြသ သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ဆွေးနွေးပြောကြားရာ၌ မိမိအနေဖြင့် ယခုတွေ့ဆုံပွဲတွင် ပထမဆုံးပြောကြားလိုသည်မှာ ပဲခူးတိုင်းဒေသကြီးသည် ယခင် ကာလများထက် ပိုမိုဖွံ့ဖြိုးတိုးတက် လာသည်ကို တွေ့မြင်ရသည့် အတွက် လွန်စွာဝမ်းမြောက်မိပါ ကြောင်း၊ မိမိတို့ နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာ နေသည့် မြင်ကွင်းများကို မြင်တွေ့ လိုပါကြောင်း၊ သို့ရာတွင် မသမာ သူများက မီဒီယာအဆိပ်သင့် အောင် သတင်းတု၊ သတင်းမှား များ လွှင့်ထုတ်ကာ တည်ငြိမ်မှု ပျက်ပြားအောင် ဆောင်ရွက်နေ ကြပါကြောင်း။
ယနေ့အချိန်တွင် ပြည်ပ အထောက်အပံ့ရယူထားပြီး ပြည်ပ ဩဇာခံယူနေသော မီဒီယာကြီး များက မိမိတို့နိုင်ငံနှင့် ပြည်သူ များကို သတင်းမှားများ ထုတ်လွှင့် ကာ တိုင်းဖျက်ပြည်ဖျက်လုပ်ရပ် များ ဆောင်ရွက်နေကြသည်ကို ပြည်သူများအားလုံးက ဝေဖန် ပိုင်းခြားသိမြင်ကြရန် လိုအပ်ပါ ကြောင်း၊ ပြည်သူများအနေဖြင့် သတင်းမှန်များ သိရှိစေရန် အတွက် မိမိတို့ဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းစာများ၊ Website များ၊ လူမှုကွန်ရက် စာမျက်နှာများ၌ ဖတ်ရှုပေးကြရန် လိုအပ်ပါကြောင်း၊ ၁၉၈၈ ခုနှစ် တွင်လည်း ပြည်ပမီဒီယာကြီးများ က သတင်းတု၊ သတင်းမှားများ လွှင့်ထုတ်ကာ အချင်းချင်းစည်းလုံး ညီညွတ်မှုပြိုကွဲအောင်၊ တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် ဆောင်ရွက်ခဲ့ကြသည်ကို သင်ခန်း စာယူကြရမည်ဖြစ်ပါကြောင်း။
နိုင်ငံ့သားကောင်းများဖြစ်အောင် ကြိုးပမ်းကြစေလို
နိုင်ငံတော်၏ ဦးတည်ချက် များ၊ လုပ်ငန်းစဉ်များအောင်မြင် ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းပါဝင်ကူညီပေးရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေ ဖြင့် လူငယ်ကဏ္ဍကို အလေးထား ပြီး လူငယ်များအား မှန်ကန်သော လမ်းကြောင်းပေါ်ရောက်အောင် ဘက်စုံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ လူငယ်များအနေဖြင့် နိုင်ငံတော်က အားကိုးအားထား ပြုရသည့် နိုင်ငံ့သားကောင်း များဖြစ်အောင် ကြိုးပမ်းပေး ကြစေလိုပါကြောင်း ပြောကြား သည်။
MRTV DTH စလောင်းနှင့် DVB T2 Set Top Box များ ပေးအပ်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြို့နယ်၊ ကျေးရွာ များအတွက် MRTV DTH စလောင်း ခုနစ်စုံနှင့် DVB T 2 Set Top Box အလုံး ၁၀၀ ကို ပဲခူးတိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်း ထိုက်အားလည်းကောင်း၊ တပ်နယ် မိသားစုများအတွက် MRTV DTH စလောင်း သုံးစုံနှင့် DVB T 2 Set Top Box အလုံး ၁၀၀ ကို အမှတ် (၇၇) ခြေလျင်တပ်မဌာနချုပ်မှ ဗိုလ်မှူးကြီး မိုးမြင့်ထွန်း အား လည်းကောင်း ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေများနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ် ရေးနှင့် သတင်းမှန်များ ဖြန့်ချိရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် သင့်သည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့သည်။
ဆက်လက်၍ ပဲခူးမြို့ ကမ္ဘောဇ သာဒီ ရွှေနန်းတော်သို့ ရောက်ရှိပြီး နန်းတော်ကြီးအား ပြန်လည်ပြုပြင် ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ဟံသာဝတီ ရှေးဟောင်းသုတေသန ပြတိုက်တို့ကို ကြည့်ရှုလေ့လာ သည်။
ကမ္ဘောဇသာဒီ မြေနန်းပြာသာဒ် ဆောင်နေရာအား ၁၉၉၃ ခုနှစ် ဒီဇင်ဘာလတွင် စတင်သုတေသန ပြု တူးဖော်ခဲ့ရာ ထု ၃ ပေ ၆ လက်မရှိသည့် အုတ်စီအုတ်ရိုး များ ၁၄ ပေ ၆ လက်မစီခြား၍ တည်ဆောက်ထားသော ကျွန်းတိုင် လုံး အကြွင်းအကျန် ၅၀ နှင့် တိုင်နေရာ နှစ်ခုတို့ကို တွေ့ရှိခဲ့ သည်။ ဘုရင့်နောင်မင်းတရားကြီး ၏မြေနန်းပြာသာဒ်ဆောင်၊ လက်ဝဲ ဝန်းဆောင်၊ လက်ယာဝန်းဆောင် နှင့် ဓနုဆောင်တို့ ပုံစံတူပြန်လည် တည်ဆောက်ရေးအတွက် အုတ် မြစ်စီ မင်္ဂလာအခမ်းအနားကို ၁၉၉၅ ခုနှစ် မတ် ၁၉ ရက်တွင် ဆောင်ရွက်ခဲ့ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း က တာဝန်ယူတည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ပဲခူးမြို့ မြို့မ ဈေးအပေါ်ထပ်ရှိ MSME အရောင်း စင်တာတွင် ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများက ထုတ်လုပ်သည့် ပစ္စည်းများနှင့် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)တို့ကို ကြည့်ရှုလေ့လာ သည်။
ဈေးနှုန်းချိုသာစွာရောင်းချ
အဆိုပါ MSME အရောင်း စင်တာတွင် ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းရှိ မြို့နယ်များမှ ထွက် ကုန်ပစ္စည်းများသာမက တိုင်း ဒေသကြီး အနောက်ပိုင်းရှိ မြို့နယ် များ၏ ထွက်ကုန်ပစ္စည်းများကိုပါ ခင်းကျင်းရောင်းချထားပြီး ပြင်ပ ဈေးနှုန်းထက် ဈေးနှုန်းချိုသာစွာ ရောင်းချလျက်ရှိကြောင်း သိရ သည်။
ဆက်လက်၍ ပဲခူးမြို့ ဥဿာမြို့ သစ် ၂ ရပ်ကွက်ရှိ Agro Future Myanmar Co.,Ltd က ထုတ်လုပ် လျက်ရှိသော လက်ဆွဲကောက် စိုက်စက် ထုတ်လုပ်ရောင်းချနေမှု ကို ကြည့်ရှုအားပေးသည်။
အဆိုပါ လက်ဆွဲကောက်စိုက် စက်သည် စက်၏ကိုယ်ထည်ကို ခိုင်ခံ့အောင် Steel နှင့် ပြုလုပ် ထားပြီး သယ်ယူပို့ဆောင်ရာတွင် ပေါ့ပါးခြင်း၊ ဆီစားနှုန်းသက်သာ ခြင်း၊ တစ်ရက်လျှင် ငါးဧက စိုက်ပျိုးနိုင်ခြင်း၊ မြန်မာနိုင်ငံ တွင် ကိုယ်တိုင်ထုတ်လုပ်နိုင်ခြင်း ကြောင့် ပြည်ပမှ ဝယ်ယူခြင်းထက် ဈေးနှုန်းသက်သာမှုရှိပြီး ခြောက်လ အာမခံစနစ်ဖြင့် ရောင်းချမှု၊ ယုံကြည် စိတ်ချရမှုတို့ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဝယ်ယူ အားပေးလျက်ရှိကြောင်း သိရ သည်။
ထို့နောက် ပဲခူးမြို့ ညောင်အင်း စက်မှုဇုန်ရှိ Bago Sports Glo-ves Co.,Ltd သို့ သွားရောက် ၍ အားကစားလက်အိတ်များ ထုတ်လုပ်နေမှုကို ကြည့်ရှု လေ့လာသည်။
တစ်လလျှင် လက်အိတ်နှစ်သိန်းခန့်
ထုတ်လုပ်တင်ပို့လျက်ရှိ
Bago Sports Gloves Co., Ltd သည် ဂျပန်နိုင်ငံရှိ The Naigai Corporation က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့်စက်ရုံဖြစ်ပြီး အလုပ် သမား ၇၆၂ ဦးဖြင့် Callaway, Addidas, Mizuno, Bridgestone, Taylormade အစရှိသည့် တံဆိပ် များဖြင့် ဂေါက်လက်အိတ်များကို လည်းကောင်း၊ Addidas, Maru-cci, Asics, Japana အစရှိသည့် တံဆိပ်များဖြင့် Baseball လက်အိတ်များကိုလည်းကောင်း၊ CMP စနစ်ဖြင့် တစ်လလျှင် လက်အိတ်နှစ်သိန်းခန့် ထုတ်လုပ် တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက စက်မှု ဇုန်များကို ရောက်ရှိလေ့လာစဉ် မိမိအနေဖြင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာနည်းလမ်းများဖြင့် ပံ့ပိုး ကူညီ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန် MSME လုပ်ငန်း များကို အားပေးကူညီဆောင်ရွက် ရမည်ဟု ခံယူထားပါကြောင်း၊ ယခု လာရောက်ကြည့်ရှုရခြင်းမှာ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ များကို သိရှိစေရန် လာရောက် ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
သတင်းစဉ်