
ရန်ကုန် စက်တင်ဘာ ၈
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲနှင့် ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထုတ်လုပ်ရေး ဌာနခွဲနှင့် သုတေသနနှင့် သတင်းအချက်အလက် ဌာနခွဲ ရုံးအဆောက်အအုံ ပြင်ဆင်မွမ်းမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ညွှန်ကြားရေးမှူး ဦးကျော်ဌေး က လုပ်ငန်းတာဝန်များ ခွဲဝေချထားမှု၊ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း နှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှု၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ၏ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
နိုင်ငံရေးအမြင်ရှိရန်လို
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မှာကြားရာ တွင် နိုင်ငံတော်၏လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ များကို ဝန်ထမ်းများအားလုံး ယေဘုယျသိရှိကြမည် ဖြစ်ကြောင်း၊ ကမ္ဘာ့အခြေအနေနှင့် နိုင်ငံ့အခြေအနေ တို့ကို အမြဲမပြတ် သိရှိလေ့လာထားကြရန်နှင့် ထုတ်ဝေစာများကို စိစစ်ဖတ်ရှုသုံးသပ်ကြရာတွင် နိုင်ငံရေးအမြင်ရှိရန် လိုကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်က တိုင်းပြည်တည်ငြိမ်အေးချမ်း သာယာဝပြော ရန်နှင့် စားရေရိက္ခာဖူလုံမှုရှိစေရန် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင် ဌာနခွဲသည် အရေးကြီးသည့် ဌာနတစ်ခုဖြစ်သည့် အတွက် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အကောင်းဆုံး ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလို ကြောင်း၊ ထုတ်ဝေစာများကို ဥပဒေနှင့်အညီ လာရောက်ပို့ဆောင်ပေးရန် သက်ဆိုင်ရာစာပေတိုက် များအား နှိုးဆော်ရမည်ဖြစ်သကဲ့သို့ ၎င်းတို့၏ ရေးသားဖော်ပြချက်များသည် ကျင့်ဝတ်၊ ဥပဒေနှင့် ညီညွတ်မှု ရှိ/မရှိ ကိုလည်း ဖတ်ရှုသုံးသပ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အမျိုးဘာသာသာသနာအကျိုး အတွက် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး မူပိုင်ခွင့် နှင့် မှတ်ပုံတင်ဌာနခွဲရုံးကို ကြည့်ရှုစစ်ဆေး သည်။
ကြည့်ရှုအားပေး
ဆက်လက်၍ ပန်းဆိုးတန်းလမ်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်လုပ်ရေး ဌာနခွဲနှင့် သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲရုံး အဆောက်အအုံသို့ရောက်ရှိပြီး ပညာ့ အလင်း ခေတ်မီစာကြည့်တိုက်တွင် ကျောက်တံတား မြို့နယ်၊ စာပေချစ်သူများအဖွဲ့ (Book Club) မှ စာရေးဆရာများ စာပေစကားဝိုင်း၌ စာပေဆွေးနွေး နေမှုနှင့် ကလေးများ စာပေဖတ်ရှုနေမှု၊ ရုပ်ပုံများ ရေးဆွဲနေမှုတို့ကို ကြည့်ရှုအားပေးသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် နှစ် ၉၀ ကျော် သက်တမ်းရှိပြီဖြစ် သည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးအဆောက်အအုံအား အကြီးစားပြင်ဆင်မွမ်းမံ ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှေးဟောင်းအဆောက်အအုံများ ပြင်ဆင်ရမည့် နည်းလမ်းများနှင့်အညီ ပြင်ဆင်ခွင့် တင်ပြခွင့်ပြုချက် ရယူပြီး အသေးစိတ် မွမ်းမံပြင်ဆင်ထားမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
သတင်းစဉ်