ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် မေ ၁၀

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်ရှိ ရဲရွာရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေမှုနှင့် မိတ္ထီလာမြို့နယ်ရှိ ၅၀၀ ကေဗွီ ကံကောင်းပင်မဓာတ်အားခွဲရုံစီမံကိန်း ဆောင်ရွက်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရေပိုလွှဲတွင် Hydraulic Elevated Dam (HED) တပ်ဆင်ခြင်းဖြင့် နှစ်စဉ် ယူနစ် ၁၀၄ သန်း ပိုမိုထွက်ရှိရာ အိမ်ထောင်စုပေါင်း ၂၀၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးနိုင်မည်ဖြစ်၍ ပုံစံထုတ်လုပ်ခြင်းနှင့် မြစ်ငယ်မြစ်ဝှမ်းဒေသများတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဆက်တိုက်ပေါ်ထွက်လာစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်းပြောကြားပြီး စက်ရုံအတွင်းနှင့် ရေလှောင်တမံ၏ ကြံ့ခိုင်ရေးအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

ယင်းနောက် မိတ္ထီလာမြို့နယ်အတွင်းရှိ ၅၀၀ ကေဗွီ ပင်မဓာတ်အားခွဲရုံစီမံကိန်းသို့ရောက်ရှိပြီး မြန်မာပြည်အောက်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားများပို့ဆောင်ရာတွင် ဝန်အားပိုမိုထမ်းဆောင်နိုင်ပြီး တည်ငြိမ်သော လျှပ်စစ်ဓာတ်အားပေးပို့နိုင်ရေးအတွက် ၅၀၀ ကေဗွီဓာတ်အားလိုင်းစနစ်သည် အလွန်အရေးကြီးသဖြင့် စီမံကိန်းအား စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ကြစေလိုကြောင်းပြောကြားပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်