
နေပြည်တော် အောက်တိုဘာ ၅
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပထမအကြိမ်စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့တက်ရောက်ရန် ကာဇက်စတန်နိုင်ငံ Astana မြို့သို့ရောက်ရှိနေသော စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့ နံနက်ပိုင်းက ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Satkaliyev Almassadam နှင့်တွေ့ဆုံ၍ (ယာပုံ) နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မြန်မာနိုင်ငံတွင် ကျောက်မီးသွေး ထွက်ရှိသော်လည်း ထိရောက်စွာအသုံးချနိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့ နိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေ၍ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူရန်လည်း ကြိုးပန်း လျက်ရှိကြောင်း၊ ကာဇက်စတန်နိုင်ငံသည် ကျောက် မီးသွေးထွက်ရှိသောနိုင်ငံဖြစ်သည့်အပြင် လျှပ်စစ် ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကို ကျောက်မီး သွေးမှထုတ်လုပ်လျက်ရှိသည်ဟု သိရကြောင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာများ၊ Human Resource (HR)ဆိုင်ရာများ၊ အထူးသဖြင့် ရေနံရှာဖွေရေးဘာသာရပ်၊ ရေနံအင်ဂျင်နီယာဘာသာ ရပ်၊ ရေနံဓာတုဘာသာရပ်များနှင့် သတ္တုဗေဒဘာသာ ရပ်များကို Academic သာမဟုတ်ဘဲ On-job Training သင်တန်းများကူညီပေးနိုင်ရန် ဆွေးနွေးပြောကြား သည်။
ထို့နောက် ကာဇက်စတန်နိုင်ငံ စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံ၏စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နောင်တွင်လည်း စွမ်းအင်ဝန်ကြီးများ Bilateral အစည်းအဝေးကျင်းပရန်ရှိပါကြောင်း ပြန်လည် ဆွေးနွေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် ကာဇက်စတန်နိုင်ငံရှိ Astana မြို့တော်ရှိ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံသို့သွားရောက်၍ သဘာဝ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် သန့်စင် သော ကျောက်မီးသွေးကိုအသုံးပြု၍ လျှပ်စစ် ဓာတ်အားထုတ်လုပ်နေမှုအခြေအနေကို လေ့လာ ကြည့်ရှုရာ စက်ရုံတာဝန်ရှိသူများက စက်ရုံကို အကြီးစား အဆင့်မြှင့်တင်ခြင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီး ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံး အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားပေး စက်ရုံ ဖြစ်လာခဲ့ကြောင်း၊ စက်ရုံတစ်ရက်လည်ပတ်မှု အတွက် ကျောက်မီးသွေးတန်ချိန် ၄၀၀၀ သို့မဟုတ် သဘာဝဓာတ်ငွေ့ ၈၄ ကုဗပေသန်းလိုအပ်ပြီး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၅၁၀ မဂ္ဂါဝပ် ထွက်ရှိကြောင်း၊ လောင်ကျွမ်းပြီး ကျောက်မီးသွေး ပြာများကို နည်းပညာအသုံးပြုပြီး အဆင့်ဆင့် သန့်စင်ပါကြောင်း၊ ၉၉ ရာခိုင်နှုန်းသန့်စင်ပြီး လေထု ထဲသို့ လွှင့်ထုတ်ပါကြောင်း၊ သဘာဝပတ်ဝန်ကျင်း ထိခိုက်မှုမရှိပါကြောင်းရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိ သူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်