ပြည်ထောင်စုဝန်ကြီး ဦးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်    ဇွန်    ၂၂


တရုတ်ပြည်သူ့သမ္မတနိုင်ငံ   ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ  နန်နင်းမြို့၌   ကျင်းပသည့် (၁၈)ကြိမ်မြောက်   တရုတ် - အာဆီယံ   ယဉ်ကျေးမှုဖိုရမ် (18th China - ASEAN  Culture  Forum)  သို့ တက်ရောက်ခဲ့သည့်     သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိသည်။


ပြည်ထောင်စုဝန်ကြီးသည်  ခရီးစဉ်အတွင်း ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် နန်နင်းမြို့ ချင်ရှုတောင်၊ ကွမ်ရင်မယ်တော်ကျောင်းတိုက်သို့    သွားရောက်၍ လက်ထောက်ကျောင်းတိုက် ဆရာတော်ထံ အလှူငွေ များ ပေးအပ်လှူဒါန်းခဲ့ပြီး ညနေပိုင်းတွင် နန်နင်းမြို့ရှိ မြန်မာနိုင်ငံ  ကောင်စစ်ဝန်ချုပ်ရုံး၌ ကောင်စစ်ဝန်ချုပ် နှင့် ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ညနေ ၆ နာရီတွင် 18th China-ASEAN Culture Forum ၏ အကြိုညှိနှိုင်းအစည်းအဝေးသို့  တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်   ဇွန်  ၁၉  ရက်က ကျင်းပပြုလုပ်သည့်  18th China-ASEAN Culture Forum ၌  “Building   Smart   Libraries  and Promotion on Reading” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အစီအစဉ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်လုပ်ငန်း များ   ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် ဆောင်ရွက် ထားရှိမှုများနှင့်စပ်လျဉ်း၍ ပြောကြားခဲ့ပြီး အဖွဲ့ဝင် အဖြစ် လိုက်ပါလာသည့် အမျိုးသားစာကြည့်တိုက် ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက Special Dialogue အစီအစဉ်တွင် ဝင်ရောက်ဆွေးနွေးခဲ့သည်။


ညနေပိုင်းတွင် ကွမ်ရှီးအမျိုးသားစာကြည့်တိုက်၌ ဆောင်ရွက်သည့် Opening Ceremony of Revival and Reconstruction of the Yongle encyclopedia အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကွမ်ရှီးစာကြည့် တိုက်နှင့် ပြတိုက်များကို လှည့်လည်ကြည့်ရှုခဲ့သည်။


ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဇွန်  ၂၀  ရက်က  မြန်နှုန်းမြှင့်ရထားဖြင့် နန်နင်းမြို့မှ လျှိုကျိုးမြို့သို့ထွက်ခွာခဲ့ပြီး နံနက်ပိုင်း တွင် No.Wang ခရုခေါက်ဆွဲထုတ်လုပ်မှု  စက်ရုံ၊ လျှိုကျိုးစာပေပညာရှင်၏ Liuzhou Shrine ၊ လျှိုကျိုး မြို့ရှိ စက်မှုလုပ်ငန်းပြတိုက်နှင့် Bauhinia Culture Creative Gallery exhibition hall များသို့ သွားရောက် လေ့လာခဲ့ပြီး ညနေပိုင်းတွင် လျှိုကျိုးမြို့တော်ဝန်က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ပြီး လျှိုကျိုးမြို့၏ ညရှုခင်းကို မြစ်အတွင်းမှ သင်္ဘောဖြင့် လေ့လာကြည့်ရှုကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည်  ဇွန်  ၂၁  ရက်က လျှိုကျိုးမှ နန်နင်းသို့ မြန်နှုန်းမြှင့်ရထားဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး  ထို မှတစ်ဆင့် ကူမင်းလေဆိပ်သို့ရောက်ရှိခဲ့ရာ တရုတ် နိုင်ငံရှိ    ရွှေတိဂုံစေတီတော်ပုံတူအား    ပြင်ဆင်ရန် ကူမင်းမြို့သို့      ခေတ္တကြွရောက်လာသော   သီတဂူ ဆရာတော်ကြီးအား ကူမင်းလေဆိပ်ခန်းမဆောင် တွင် ကြိုဆိုဖူးမြော်ခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ခရီးဆက်လက်ထွက်ခွာ မည့် သီတဂူဆရာတော်ကြီးကို ကူမင်းလေဆိပ်သို့ သွားရောက်ပို့ဆောင်ဖူးမြော်ခဲ့ပြီး    မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။  

သတင်းစဉ်