ပြည်ထောင်စုဝန်ကြီး ဦးကိုကို အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူလာကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများနှင့် စာဖြေသံဃာများအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဧပြီ   ၃၀


သာသနာရေးနှင့်          ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည်  ဒုတိယဝန်ကြီး ဦးအေးထွန်း၊     နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲ   ၁ နာရီတွင်    ပြည်ထောင်စုနယ်မြေ   နေပြည်တော် ပျဉ်းမနားမြို့နယ်     မင်္ဂလာဗျူဟာသာသနာ့ဗိမာန် တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုလျက် ရှိသော သံဃာတော်များနှင့် သီလရှင်များကို ဖူးမြော် ကြည်ညိုသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ပျဉ်းမနားမြို့ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်း တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဝိမလ ဗုဒ္ဓိ    ဆရာတော်ကြီးအမှူးပြုသော  ပြည်ထောင်စု နယ်မြေ နေပြည်တော် အစိုးရဓမ္မာစရိယစာမေးပွဲ ပျဉ်းမနားစာဖြေဌာန ကြီးကြပ်ရေး ဆရာတော်ကြီး များအား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနအတွက် အလှူငွေကျပ်  ၁၀  သိန်းကို  ဆက်ကပ်လှူဒါန်းပြီး အစိုးရဓမ္မာစရိယစာမေးပွဲ   ဖြေဆိုတော်မူကြသော သံဃာတော်များနှင့်   သီလရှင်များအား   ဖူးမြော် ကြည်ညိုသည်။

 


ယနေ့ကျင်းပသော မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် ခရစ်နှစ် ၂၀၂၂ ခုနှစ်  အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)    ဘာသာကို ပြည်ထောင်စုနယ်မြေ    နေပြည်တော်   ပျဉ်းမနား စာဖြေဌာနနှင့်   တပ်ကုန်းစာဖြေဌာနတို့၌   စာဖြေ သံဃာတော် ၃၉၈ ပါး၊ သီလရှင် ၅၈ ပါး နှင့် လူပုဂ္ဂိုလ် တစ်ဦး  ဝင်ရောက်ဖြေဆိုကြသည်။

 


၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီး ရှိ ဓမ္မာစရိယစာဖြေဌာန ၆၃ ဌာနတို့၌ ဧပြီ ၃၀ ရက်မှ မေ ၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ပါဠိပထမပြန်စာမေးပွဲများကိုလည်း နေပြည်တော် တိုင်းဒေသကြီးနှင့်  ပြည်နယ်အသီးသီးရှိ  ပါဠိပထမ ပြန်   စာဖြေဌာန ၂၄၁ ဌာနတို့၌ မေ ၇ ရက်မှ မေ ၁၃ ရက်အထိ        ကျင်းပသွားမည်ဖြစ်ကြောင်း       သိရသည်။


သတင်းစဉ်