
နေပြည်တော် အောက်တိုဘာ ၇
တတိယအကြိမ်မြောက် ဟိမဝန္တာတောင်တန်းဒေသ နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ရှီးကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ Nyingchi မြို့တွင် အောက်တို ဘာ ၄ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ပြီး ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိသည်။
အောက်တိုဘာ ၅ ရက် က ပြည်ထောင်စုဝန်ကြီးသည် လူလန်မြို့ ဇာရှီဂန်တိဗက်ကျေးရွာ သို့ သွားရောက်၍ ကျေးလက် ပြည်သူများ ပြည်သူအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism) ဆောင်ရွက်နေ မှု၊ ပြည်တွင်းပြည်ပခရီးသွားများ အတွက် ရိုးရာမြားပစ်ခြင်း၊ မြင်းစီး ခြင်းနှင့် တောတွင်းလမ်းလျှောက် ခြင်းအစီအစဉ်များ ဆောင်ရွက် ပေးထားမှုတို့ကို ကြည့်ရှုလေ့လာခဲ့ သည်။
အောက်တိုဘာ ၆ ရက် နံနက် ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး သည် ဧရိယာဟက်တာ ၄၃၀၀ ကျယ်ဝန်းသော လူလန်သဘာဝ တောထိန်းသိမ်းရေး နယ်မြေသို့ သွားရောက်လေ့လာရာ တာဝန်ရှိ သူများက အအေးပိုင်းတောင်ပေါ် အမြဲစိမ်းတောနှင့် သဘာဝ ပတ်ဝန်းကျင်အား ထိန်းသိမ်း ကာကွယ်ထားမှု၊ ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းထားမှု၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြည်သူများ အပန်းဖြေအနားယူ ရန် ဆောင်ရွက်ထားမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ပင်လယ်ရေမျက်နှာ ပြင်အထက် အမြင့်မီတာ ၃၀၀၀ ခန့်တွင်ရှိပြီး အကျယ်အဝန်း ၈၇၃၇ ဟက်တာရှိသော ယနီး အမျိုးသားရေတိမ်ဒေသ (Yani National Wetland Park) သို့ သွားရောက်၍ တောင်တန်း ရေသယံဇာတများ၊ မြက်ခင်း လွင်ပြင်များ၊ ရေခဲတောင် ဂေဟ စနစ်များ ထိန်းသိမ်းကာကွယ်မှု၊ တောရိုင်းတိရစ္ဆာန်နှင့် ငှက်မျိုးစိတ် များအား ကာကွယ်စောင့်ရှောက် ထားမှုကို ကြည့်ရှုလေ့လာခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် နှစ်ပေါင်း၁၀၀ ကျော် သက်တမ်းရှိ လမလင်းဗုဒ္ဓဘုရား ကျောင်းသို့ သွားရောက်၍ ဖူးမြော်ကြည်ညိုပြီး တိဗက်ရိုးရာ ဗိသုကာလက်ရာများနှင့် ဘာသာ ရေးဓလေ့ထုံးထမ်းများကို လေ့လာ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်