ပဲခူး ဇွန် ၁၆
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယမန်နေ့က ပဲခူးတိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ပဲခူး)၌ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး သင်တန်းကျောင်းအတွင်း ဂဟေဆက်သင်တန်း ဖွင့်လှစ်ပို့ချနေမှုနှင့် အထည်ချုပ်သင်တန်း ဖွင့်လှစ်ပို့ချ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများဖြစ်သည့် Myanstar Garment Co., Ltd.၊ Suitstar Garment Co.,Ltd. နှင့် Sudey Industrial Myanmar Co., Ltd. တို့မှ အလုပ်သမားများ လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ အလုပ်သမားများ၏ ရပိုင်ခွင့်များ ဆောင်ရွက် ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် အထည်ချုပ်စက်ရုံ သုံးရုံရှိ အာမခံအလုပ် သမားများအား အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးနေမှုကို လိုက်လံကြည့်ရှု သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းတွင် အကျုံးဝင်အာမခံအလုပ်သမား ၇၅၀၂၆ ဦး၏ ကျန်းမာရေးစောင့်ရှောက်မှု အတွက် မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၁၅ ခန်း၊ Fee for service စာချုပ်ဆေးခန်း ၁၅ ခန်း၊ ဌာနကြီးဆေးခန်း ငါးခန်း၊ ရွေ့လျားဆေးကုသယာဉ်များဖြင့် ဆေးကုသမှုဝန်ဆောင်မှု ဆောင်ရွက် ပေးလျက်ရှိပြီး ၄/၂၀၂၅ လမှ ၃/၂၀၂၆ လအထိ ဆေးဖိုး အမှုတွဲ ၂၁၈၅ တွဲအတွက် ငွေကျပ် ၄၅၄ ဒသမ ၉၈၁ သန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်