
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်
=======================================================================
နေပြည်တော် ဒီဇင်ဘာ ၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပသမဂ္ဂ ဝန်ကြီးအဆင့်အစည်း အဝေးသို့ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင် တက်ရောက်ဆွေးနွေးသည်။
ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်
အစည်းအဝေးတွင် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan နှင့် ဒုတိယဥက္ကဋ္ဌ ဥရောပ ကော်မရှင်နှင့် ဥရောပသမဂ္ဂနိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒ ဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် Mr. Josep Borrell တို့က ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ပြီး အာဆီယံ နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး များ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေး
အစည်းအဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆက်ဆံရေးပိုမိုတိုးတက်ခိုင်မြဲစေရေး ကိစ္စရပ်များ၊ အာဆီယံနှင့် ဥရောပသမဂ္ဂအကြားလွတ်လပ်သော ကုန်သွယ်မှုစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် မူဘောင်သဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်နိုင်ရေးနှင့် အာဆီယံ- ဥရောပသမဂ္ဂဘက်စုံလေကြောင်း ဝန်ဆောင်မှုစာချုပ် (ASEAN-EU Comprehensive Air Service Agreement - CATA)အမြန်ဆုံးထွက်ပေါ်လာရေး အခြေအနေများအပြင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် အာဆီယံ-ဥရောပသမဂ္ဂ ဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာ မြောက်ဆက်ဆံရေးအဆင့်သို့ မြှင့်တင်သွားရန် ဆုံးဖြတ် ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အာဆီယံ-ဥရောပ သမဂ္ဂမိတ်ဖက်ဆက်ဆံရေး တိုးတက်ခိုင်မာမှုရှိစေရန် အရေးကြီးကြောင်း အလေးထားဆွေးနွေးခဲ့ပြီး အာဆီယံ ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးအတွက် ဥရောပသမဂ္ဂမှ Team Europe package ဖြင့် ယူရို သန်း ၈၀၀ အကူအညီပေးအပ်ခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံ၏ COVID-19 တုံ့ပြန် ရေးရန်ပုံငွေ (COVID-19 ASEAN Response Fund) နှင့် အာဆီယံ၏ ဘက်စုံပြန်လည်ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) သို့ အကူအညီများပေးအပ်သွားရန် တိုက်တွန်းခဲ့သည်။
အလေးပေး ပြောကြား
ပြည်ထောင်စုဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုအတွက် လုံခြုံ၊ စိတ်ချရမှုရှိသည့် ဆိုက်ဘာလုံခြုံ ရေး ပူးပေါင်းဆောင်ရွက်သွားရန်နှင့် နည်းပညာကိုအလွဲ သုံးစားပြုသည့် အကြမ်းဖက်မှုများကို ပူးပေါင်းတိုက်ဖျက်ရန် အရေးကြီးကြောင်း အလေးပေး ပြောကြားခဲ့သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဥရောပသမဂ္ဂမှ မြန်မာ နိုင်ငံသို့ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက်အကူ အညီများအပါအဝင် အထူးသဖြင့် COVID-19 ရောဂါ ကြောင့် အလုပ်ဆုံးရှုံးရသည့် မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်သားများ အတွက် အကူအညီများပေးအပ်ခဲ့သည့်အတွက် ကျေးဇူး တင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးနှင့်စီးပွားရေး ပိုမိုမြှင့်တင်ရေးအတွက် များစွာဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးမှ (၂၃) ကြိမ်မြောက် အာဆီယံ-ဥရောပ သမဂ္ဂပူးတွဲသဘာပတိများ၏ သတင်းထုတ်ပြန်ချက်နှင့် အာဆီယံ-ဥရောပသမဂ္ဂ ပေါင်းစပ်ဆက်နွှယ်မှုဆိုင်ရာ ဝန်ကြီးအဆင့် ပူးတွဲကြေညာချက် (Asean-EU Joint Ministerial Statement on Connectivity) ကို ထုတ်ပြန် ခဲ့သည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့် အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်