
နေပြည်တော် အောက်တိုဘာ၂၆
ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၁) ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ဖိတ်ကြားချက်အရ ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Wynd-ham Grand Yangon Hotel ၏ Grand Ballroom ၌ ကျင်းပသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြော ကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း သည် လမ်းများနှင့် ဆက်သွယ် မှုများ တည်ဆောက်ရေးအတွက် သာမဟုတ်ဘဲ အရည်အသွေး ပြည့်ဝမှု၊ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးမှုမျှဝေခြင်းတို့၏ ပြယုဂ် တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်း၏ မဟာဗျူဟာမြောက် ရည်ရွယ်ချက်မှာ မတူကွဲပြားသော နိုင်ငံများအကြား အပြန်အလှန် လေးစားမှု၊ နားလည်မှုနှင့် ယုံကြည်မှုတို့ကို မြှင့်တင်ရန်ဖြစ်ပါ ကြောင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံအတွက် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံဖြစ်သည့်အပြင် မြန်မာနိုင်ငံ ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ လည်းဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ တို့အကြား နှစ်စဉ်ကုန်သွယ်မှု သည် မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှုစုစုပေါင်း၏ ၃၀ ရာခိုင် နှုန်းကျော်ရှိပါကြောင်း၊ နှစ်နိုင်ငံ အစိုးရများ (G to G) အကြား အလွန်ကောင်းမွန်သော ဆက်ဆံ ရေးရှိခြင်း၊ စီးပွားရေး အသိုင်း အဝိုင်း (B to B) နှင့် နှစ်နိုင်ငံ ပြည်သူများ (P to P) အကြား ကောင်းမွန်သော ဆက်ဆံရေး ရှိခြင်းတို့ကြောင့် နှစ်နိုင်ငံ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင် ရွက်မှုများ များစွာတိုးတက်ခဲ့ ပါကြောင်း။
သိသာထင်ရှားသော ပူးပေါင်း ဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာရှိသည့် တရုတ်နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်း ဆောင်ရွက်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် ဖြစ်ပါ ကြောင်း၊ ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့ကို လွှမ်းခြုံထားသည့် ကမ်းရိုးတန်း ရှိနေသည့် မြန်မာနိုင်ငံသည် တရုတ် - မြန်မာစီးပွားရေး စင်္ကြံ လမ်း (CMEC) မှတစ်ဆင့် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း၏ ရေကြောင်းအခြေပြုစီမံကိန်းတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါ ကြောင်း၊ ပင်လယ်ရေကြောင်း လမ်းများအား ပိုမိုကောင်းမွန်ရေး အတွက် ဆောင်ရွက်ခြင်းသည် ကုန်စည်ပို့ဆောင်မှုတွင် မြန်ဆန် ပြီး ကုန်ကျစရိတ် သက်သာရုံ သာမက ကုန်သွယ်မှုလုပ်ငန်းများ ကို ချဲ့ထွင်ရန်၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို ပိုမိုအားကောင်း လာစေရန်နှင့် စီးပွားရေးတိုးတက် မှုကို မြှင့်တင်စေမည်ဖြစ်ပါကြောင်း။
ထို့အပြင် ဆိပ်ကမ်းများနှင့် ဆက်စပ် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှုသည် ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားရေးတို့ကို သိသိ သာသာ ပံ့ပိုးပေးမည်ဖြစ်ပါ ကြောင်း၊ လေကြောင်းဆက်သွယ် မှုများ တိုးမြှင့်ခြင်းသည် နိုင်ငံသား အချင်းချင်း အပြန်အလှန် နှီးနှော ဖလှယ်မှု၊ ယဉ်ကျေးမှုဆိုင်ရာ နားလည် သဘောပေါက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ကို မြှင့်တင်ပေးကာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသတွင်း ယဉ်ကျေးမှု ဖလှယ်ခြင်းကို လည်း တိုးပွားလာစေမည်ဖြစ် ပါကြောင်း။
လက်ရှိ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် မူဆယ်-မန္တလေး အမြန်ရထားလမ်းနှင့် မန္တလေး - ကျောက်ဖြူ အမြန် ရထားလမ်းသစ်များ ဖောက်လုပ် ခြင်းသည် ပြည်တွင်းကုန်စည် သယ်ယူပို့ဆောင်ရေး စွမ်းဆောင် ရည်ကို တိုးမြင့်စေပြီး ကုန်ကျစရိတ် ကို လျှော့ချနိုင်ကာ ပြည်တွင်း စက်မှုလုပ်ငန်းများ၏ ယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်ပေးပါကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်း ဆောင်ရွက်မှု (BRI) အရ နိုင်ငံ တော်နှင့် ပြည်သူအတွက် အကျိုး ရှိသော မည်သည့်စီမံကိန်းများကို မဆို မြန်မာနိုင်ငံက အကောင် အထည်ဖော် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai နှင့် အခြားဖိတ်ကြား ထားသည့် ဧည့်သည်တော်များ လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်