
နေပြည်တော် မတ် ၁၆
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် (၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Pan Sorasak က သဘာပတိအဖြစ် ဆောင်ရွက် ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီး များ၊ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေးအကြံပေးကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားရေးဆိုင်ရာ ဦးစားပေးလုပ်ငန်းများဆွေးနွေး
အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူ စဉ် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီးပွားရေး ဆိုင်ရာ ဦးစားပေးလုပ်ငန်း ၁၉ ခုကို ဆွေးနွေး အတည်ပြုသည်။ ဝန်ကြီးများက အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ အကောင်အထည်ဖော်မှုအောက် မှ ၂၀၂၂ ခုနှစ်အတွက် ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းများကို အချိန်မီဆောင်ရွက်ရေး ဆွေးနွေး ဆုံးဖြတ်သည်။ ထို့နောက် ဝန်ကြီးများက (၄၁) ကြိမ် မြောက် အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့က တင်ပြသည့် အာဆီယံ၏ လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အစီရင်ခံစာအပေါ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကမ္ဘောဒီးယားနိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်းများအပေါ် ကြိုဆိုထောက်ခံကြောင်းနှင့် ဦးစားပေးလုပ်ငန်းများတွင် ပါဝင်သည့် Digital Startup Ecosystem ရေးဆွဲရေး၊ ရေရှည်ဖွံ့ဖြိုး တိုးတက်စေသော စိုက်ပျိုးရေးဆိုင်ရာ လမ်းညွှန်ချက် ရေးဆွဲရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့် အာဆီယံခရီးသွားမူဘောင်ရေးဆွဲနိုင်ရေးအတွက် လေ့လာမှုများ ဆောင်ရွက်ခြင်းကိစ္စရပ်များသည် ကာလကြာရှည်စွာဖြစ်ပေါ်နေသည့် ကိုဗစ်ကပ်ရောဂါ ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အခြေခံကောင်း များဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး ဦးစားပေးဆောင်ရွက် မည့် စီးပွားရေးလုပ်ငန်းများကို ၂၀၂၂ ခုနှစ်အတွင်း ပြီးစီးအောင်မြင်စေရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံက ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များ သီးသန့်အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က တက်ရောက်သည်။
ဆွေးနွေးညှိနှိုင်း
မွန်းလွဲပိုင်း အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံအသိုက်အဝန်းတစ်ခုလုံးအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအတွင်း တုံ့ပြန်မှုများဆောင်ရွက်နိုင် ရေးနှင့် ကိုဗစ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း များပါဝင်သည့် အာဆီယံဘက်စုံပြန်လည်ထူထောင် ရေးမူဘောင် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှုနှင့် အာဆီယံစီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်းရေးဆိုင်ရာ ကိစ္စများကို ဆွေးနွေးညှိနှိုင်းသည်။ အစည်းအဝေးတွင် ဝန်ကြီးများက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်ကို အဆင့်မြှင့်တင်ရန်အတွက် ညှိနှိုင်းမှုများ စတင်ကြောင်းကြေညာခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်သည့်အနေဖြင့် အရေးကြီး ကုန်စည်များအပေါ် အကောက်ခွန်မဟုတ်သော စီမံ ဆောင်ရွက်မှုများ ဖယ်ရှားရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို ထပ်မံသက်တမ်းတိုးရန် သဘောတူ ခဲ့ကြသည်။
ထို့အပြင် ဝန်ကြီးများက ယူကရိန်း-ရုရှားပဋိပက္ခ ကြောင့် အာဆီယံနိုင်ငံများအပေါ် စီးပွားရေးအရ သက်ရောက်နိုင်သည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။
(၂၈) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီး များ သီးသန့်အစည်းအဝေးမတိုင်မီ အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့ တွေ့ဆုံဆွေးနွေးပွဲကို ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပရာ အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံမှ စီးပွားရေးဝန်ကြီးများနှင့် အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် တက်ရောက်သည်။
အာဆီယံစီးပွားရေးပေါင်းစည်းမှု ပိုမိုခိုင်မာစေရေး
တွေ့ဆုံဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံမှ Mr. Neak Oknha Kith Meng နှင့် နိုင်ငံအလိုက်အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းများနှင့် အာဆီယံ စီးပွားရေးပေါင်းစည်းမှု ပိုမိုခိုင်မာစေရေးအတွက် အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ဒုတိယဝန်ကြီးက လက်ရှိဖြစ်ပေါ်နေသည့် စီးပွားရေးစိန်ခေါ်မှုများကို အာဆီယံ၏ အချက်အချာ ကျမှု၊ ဒေသတွင်း စည်းလုံးညီညွတ်မှုတို့ဖြင့် ကျော်လွှားရေး၊ ကိုဗစ်-၁၉ အလွန် စီးပွားရေးပြန်လည် ထူထောင်ရေးဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ဝန်ကြီးများက အာဆီယံစီးပွားရေး အသိုက် အဝန်း အကောင်အထည်ဖော်ရာတွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ကြောင်း၊ ဒေသတွင်း ကိုဗစ်-၁၉ ပြန်လည်ထူထောင် ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်မှုများကို ကြိုဆိုကြောင်းနှင့် ဒေသတွင်း စီးပွားရေးစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်