
နေပြည်တော် မတ် ၂၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် ရဲအရာရှိကြီးများပါဝင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အထူး ဖိတ်ကြားချက်အရ မတ် ၁၆ ရက်မှ ၁၈ ရက်အထိ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက် အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH- 2022) သို့ တက်ရောက်သည်။
ကြိုဆို
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး လိုက်ပါ၍ မတ် ၁၆ ရက် နံနက် ၁၁ နာရီ တွင် စိန့်ပီတာစဘတ်မြို့ EXPO-FORUM ဝင်းသို့ ရောက်ရှိခဲ့ရာ ROSOBORONEXPORT မှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ကြသည်။ နံနက်ပိုင်းတွင် အဆိုပါပြပွဲ အစည်းအဝေးခန်းမ၌ ROSOBORONEXPORT ၏ အထူးကော်မရှင်တာဝန်ခံ မစ္စတာ ယိမ်းဂဲနီယာ ဆူဘော့ဗ်နှင့် အရာရှိကြီးများတွေ့ဆုံ၍ လူတစ်ဦးချင်း တစ်ယောက်ချင်းစီနှင့် လူ့အသိုက်အဝန်း၊ နိုင်ငံတော် အဆင့်အထိ လုံခြုံရေးဆိုင်ရာများကို နိုင်ငံတကာ ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် နိုင်သည့် နည်းပညာအသုံးပြုမှုပုံစံများ၊ တီထွင် ထုတ်လုပ်ထားသည့် ပစ္စည်းများ၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးနှင့် အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေး၊ ကြိုတင်သတင်းရယူရေးဆိုင်ရာ နည်းပညာအသုံး ပြုမှုများအပြင် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် အမှတ်တရလက်ဆောင် များ အပြန်အလှန်ပေးအပ်သည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာ အဆင့်မြင့် နည်းပညာပြပွဲတွင် ပြသထားသည့် နည်းပညာ အသုံးပြုမှုနှင့် ပစ္စည်းများ ပြသထားမှုများကို လိုက်လံ ကြည့်ရှုလေ့လာ၍ သိလိုသည်များ မေးမြန်းသည်။ ထို့နောက် ပြပွဲခန်းမအတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အဆင့်မြင့်လုံခြုံရေးစွမ်းရည် ပြသမှု၊ ခွေးများလေ့ကျင့်ပေး၍ လုံခြုံရေးနှင့် မှုခင်း ဆိုင်ရာများတွင် ရှာဖွေစစ်ဆေးမှုများ လက်တွေ့ သရုပ်ပြသမှုကို ကြည့်ရှုလေ့လာခဲ့ကြသည်။
မတ် ၁၇ ရက် နံနက် ၁၀ နာရီတွင် စိန့်ပီတာ စဘတ်မြို့ EXPO-FORUM ဝင်း အဆောက်အအုံ တွင် နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH-2022) ဖွင့်ပွဲအခမ်းအနား ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသား လုံခြုံရေးတပ်ဖွဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး အယ်လ်ကီး စတက်ပင်နိုဗစ်ချ် ဘဇူဘီကော့၊ စိန့်ပီတာစဘတ်မြို့တော် အုပ်ချုပ်ရေးမှူး မစ္စတာ ဘက်လော့ အလက်ဇန္ဒား ဒယ်မထရီဘက်ချ်၊ မြို့တော်လူမှုဥပဒေရေးရာဥက္ကဋ္ဌ မစ္စတာ ဘယ်စကီး အလက်ဇန္ဒား နီကိုလဘက်ချ်၊ EXPO-FORUM ညွှန်ကြားရေးမှူးချုပ်နှင့် LLC နည်းပညာပြပွဲများ ကျင်းပရေးအဖွဲ့ဥက္ကဋ္ဌ မစ္စတာ ဗိုရိုနော့ဆာဂျီ ဂျော့ဂီဘက်ချ်တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံတကာမှ နည်းပညာကျွမ်းကျင်သူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။ ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အမျိုးသားလုံခြုံရေးတပ်ဖွဲ့ ဒုတိယအကြီးအကဲ Colonel General, Aleksey Stepanobich Bezzubikov ဦးဆောင်၍ ဖွင့်ပွဲ အခမ်းအနား တက်ရောက်လာသော ဒေသဆိုင်ရာ အကြီးအကဲများက ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်အား လာရောက်တွေ့ဆုံ နှုတ်ဆက်ကာ ပြပွဲကျင်းပမှုများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားသည်။
သွားရောက်လေ့လာ
ယင်းနောက် စိန့်ပီတာစဘတ်မြို့ အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းတွင် ပြည်ပပို့ကုန်နှင့် နိုင်ငံ အသီးသီးမှ တင်သွင်းလာသော ကုန်ပစ္စည်း ကွန်တိန်နာများအား နည်းပညာအသုံးပြုစစ်ဆေး ခြင်းများကို သွားရောက်လေ့လာရာ အဆိုပါ ဆိပ်ကမ်းရုံး၌ အကောက်ခွန်ဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် မစ္စတာ ဆာဂျေးစတားချပ်စ်က စစ်ဆေးမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး မြေပြင်တွင် လက်တွေ့စစ်ဆေးဆောင်ရွက်နေမှု များကို လေ့လာကြည့်ရှုခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် LLC Special Technological Center သို့ ရောက်ရှိရာ LLC ဗဟိုဌာန၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ရိုမန်အီဗာနော့ဗ် ဦးဆောင်သောအဖွဲ့က ကြိုဆို၍ လုံခြုံရေး၊ ရှာဖွေစစ်ဆေးရေး၊ ဆိုက်ဘာနည်းပညာ ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ သီးခြားတွေ့ဆုံဆွေးနွေးသည်။ ထို့နောက် ကျွမ်းကျင်သူများနှင့် အင်ဂျင်နီယာများက ဆိုက်ဘာ လုံခြုံရေးနှင့် လျင်မြန်စွာ စုံစမ်းစစ်ဆေးနိုင်ရေး တီထွင်ထုပ်လုပ်ထားမှုများနှင့်ပတ်သက်၍ ပါဝါပွိုင့် ဖြင့် အသေးစိတ်ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
မတ် ၁၈ ရက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စိန့်ပီတာစဘတ်နှင့် JSC Center-Inform သို့ သွားရောက်ခဲ့ရာ အဆိုပါစင်တာခန်းမတွင် တာဝန် ရှိသူများက လုံခြုံရေး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး၊ အကြမ်းဖက်မှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနှင့် မှုခင်းပြဿနာများ ကြိုတင်ကာကွယ် ရေးတိုက်ဖျက်ရေးဆိုင်ရာများတွင် နည်းပညာ အသုံးပြုမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်သည်။
လေ့လာတွေ့ရှိ
စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက် အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာ အဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH- 2022) သည် နိုင်ငံအသီးသီးတွင် ရင်ဆိုင်ဖြေရှင်း နေရသော အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးနှင့် ရာဇဝတ်မှုခင်းများ တားဆီးနှိမ်နင်းရေး တို့အပါအဝင် လူမှုအသိုက်အဝန်းများ၏ ပဋိပက္ခများ၊ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့် နိုင်ငံအဆင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတို့နှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ တားဆီးနှိမ်နင်းရေးလုပ်ငန်း စဉ်များကို နိုင်ငံတကာဥပဒေ၊ ကုလသမဂ္ဂကွန်ဗင်းရှင်း များနှင့်အညီ ဖြေရှင်းနိုင်ရေးအတွက် ခေတ်နှင့်အညီ တီထွင်ထုတ်လုပ်ထားသည့် နည်းပညာပစ္စည်းများ နှင့်ပတ်သက်၍ ရှင်းလင်းပြသသည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ရသည်။
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် လူ့အသိုက် အဝန်းနှင့် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်နည်းပညာပြပွဲ (EXPOTECXNOSTRAZH- 2022) သို့ တက်ရောက်ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့မှ မတ် ၁၉ ရက် ညပိုင်းတွင် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ မြန်မာ နိုင်ငံ ရန်ကုန်မြို့သို့ မတ် ၂၀ ရက် ညပိုင်းတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
သတင်းစဉ်