ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့မှုနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် ဒီဇင်ဘာ ၂၉

 

 

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ရိက္ခာထောက်ပံ့ မှုနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက Virtual Meeting ဖြင့် ပြုလုပ်သည်။

အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ရခိုင် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင် ပြည်နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆန်ရိက္ခာထောက်ပံ့ ရာ၌ ပြည်နယ်အစိုးရက လူအင်အားစိစစ်၍ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့ အကြောင်း ကြားမှုအရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူတစ်ဦးလျှင် တစ်ရက် ဆန်နှစ်ဘူးနှုန်းဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဘေးသင့်သူများအား ဆန်ရိက္ခာထောက်ပံ့မှုကို ယေဘုယျ အားဖြင့် တစ်ပတ်အထိ ခွင့်ပြုချက်မလိုဘဲ ထောက်ပံ့ပေးရန် ညွှန်ကြားချက်ရှိသော်လည်း ရခိုင်ပြည်နယ်အတွက်မူ တိုက်ပွဲရှောင်အသစ်များ ထပ်တိုးရောက်ရှိပါက နှစ်ပတ်စာ အထိ ခွင့်ပြုချက်မလိုဘဲ အချိန်မီချက်ချင်းထောက်ပံ့ရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်း၊ တိုက်ပွဲရှောင် စခန်းများ အနေဖြင့် ကာလရှည်နေထိုင်သည်များရှိသကဲ့သို့ အဝင် အထွက်များမှာလည်း များပြားသဖြင့် စာရင်းကောက်ယူရန် အခက်အခဲရှိသည်ကို နားလည်ပါကြောင်း၊ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများက လူအင်အားစိစစ်ပြီး ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးရန် ညှိနှိုင်းအကြောင်းကြားလာချိန်၌ ရုံးလုပ်ထုံးလုပ်နည်းများ နှင့်အညီ ခွင့်ပြုချက်ရယူစေပြီး ထောက်ပံ့ပေးလျက် ရှိပါ ကြောင်း။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရက စိစစ် တောင်းခံမှုတိုင်းအတွက် တိုက်ပွဲရှောင်များအား ထောက်ပံ့ ပေးနေသော်လည်း အချို့မီဒီယာများက တိုက်ပွဲရှောင်စုရပ် များတွင် ဆန်ထောက်ပံ့မှုများမရရှိကြောင်း၊ ဆန်ရိက္ခာ အခက်အခဲရှိကြောင်း သတင်းထုတ်လွှင့်မှုများလည်းရှိနေ ကြောင်း၊ သို့ပါ၍ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရ တို့၏ တိုက်ပွဲရှောင်များအရေး အလေးထားဆောင်ရွက် နေမှုများအား ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးရမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်းပံ့ပိုးမှုလုပ်ငန်းတွင် ရင်ဆိုင်ဖြေရှင်းနေရသည့် စိန်ခေါ်မှုများကိုလည်း ညှိနှိုင်းအဖြေရှာ ဖြေရှင်းခြင်း၊ အသိပေးခြင်းတို့ဖြင့် မိမိတို့အစိုးရ၏ အလေးထား ဆောင် ရွက်မှုများအား တိုက်ပွဲရှောင်တို့ သိရှိစေရန်အတွက် ဆောင် ရွက်သွားရမည်ဖြစ်၍ ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားကြ ရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှု မရှိစေရေး ပြည်နယ်အစိုးရအနေဖြင့် အလေးထား ဆောင် ရွက်လျက်ရှိကြောင်း၊ စာရင်းကောက်ယူမှုနှင့် သွားရောက် ထောက်ပံ့မှုတို့တွင် လုံခြုံရေးကန့်သတ်ချက်အပြင် တိုက်ပွဲ ရှောင် အဝင်အထွက်များခြင်းကြောင့် စာရင်းကောက်ယူမှု အခက်အခဲရှိခြင်း၊ ဒေသအခြေအနေအပေါ် မူတည်၍ ယာယီခိုလှုံရာနေရာများတွင် တိုက်ပွဲရှောင်များ အဝင် အထွက် မတည်ငြိမ်မှုများကြောင့် ဆန်ဝေချိန်၌ မရှိသူများ နားလည်မှုလွဲခြင်းတို့ကိုလည်း တွေ့ရှိရကြောင်း၊ အချို့ သော စုရပ်များတွင် ဆက်နွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း စိစစ်ရခြင်းမျိုးလည်းရှိကြောင်း၊ ဆက်လက်၍လည်း ဆန်ရိက္ခာထောက်ပံ့မှုကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် မီဒီယာအချို့တွင် ဖော်ပြနေသည့် သတင်း များနှင့် မြေပြင်အခြေအနေ လွဲမှားနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် တက်ရောက်လာသူများက တိုက်ပွဲရှောင် စုရပ်များတွင် နေရပ်စွန့်ခွာသူများ စာရင်းကောက်ယူရာ၌ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေ၊ မီဒီယာများက ပကတိမြေပြင် အခြေအနေ အပေါ်တွင် ထင်မြင်ယူဆထားသော သတင်းထုတ်ပြန်ချက် များကို တုံ့ပြန်ရှင်းလင်းရာ၌ သတင်းအချက်အလက်များ တိကျစေရေး၊ စုရပ်များတွင်နေရပ်စွန့်ခွာသူ အရေအတွက် ကို စခန်းတာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စနစ်တကျစိစစ်ပြီး အဆင့်ဆင့် တင်ပြစေရေး၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့မှုများနှင့် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုများ မထပ်စေရန် စိစစ်ဆောင်ရွက်ရေး၊ ထောက်ပံ့မည့်ဆန်များ အရည်အသွေးများပြည့်ဝစေရန် ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းနှင့် စနစ်တကျစာချုပ် ချုပ်ဆို ဝယ်ယူထောက်ပံ့ ရေး၊ တိုက်ပွဲရှောင်စုရပ်များတွင် ဆန်ရိက္ခာပြတ်လပ်မှု မရှိစေရေးတို့အတွက် ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိုက်ပွဲရှောင်သူ များ စတင်များပြားခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစ၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ပြည်နယ်အစိုးရနှင့်အတူ ဆန်ရိက္ခာ နှင့် လိုအပ်ချက်အရ အခြားထောက်ပံ့မှုများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ အထိ ဆန်ရိက္ခာဖိုး ငွေကျပ် ၅ ဒသမ ၇၃၉ ဘီလီယံနှင့် အခြားထောက်ပံ့မှုများအတွက် ငွေကျပ် ၂၄၅ သန်းကျော် စုစုပေါင်းငွေကျပ် ၆ ဘီလီယံနီးပါး သုံးစွဲထောက်ပံ့ခဲ့ပြီ ဖြစ်ပြီး လိုအပ်ချက်အရ ဆက်လက်ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်