
နေပြည်တော် ဩဂုတ် ၁၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့ မွန်းလွဲပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များကို ကြည့်ရှုသည်။
ရှေးဦးစွာ ဟိုတယ်အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်များ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် ဧည့်သည်တည်းခိုမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဧည့်ဂေဟာ ဟိုတယ်များသည် နိုင်ငံတော် အဆင့် အခမ်းအနားများ၊ အစည်းအဝေးများ ကျင်းပ ရန်နှင့် တည်းခိုနေထိုင်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားစွာဖြင့် နိုင်ငံတကာအဆင့်မီ တည်ဆောက်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ တော် အစိုးရအနေဖြင့်လည်း ဟိုတယ်များနှင့် တွဲဖက်၍ နိုင်ငံတော်အဆင့် အစည်းအဝေးများနှင့် အခမ်းအနားများကျင်းပရန် မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနများကိုလည်း တည်ဆောက်ထားရှိပါကြောင်း။
နေပြည်တော်သည် အစိုးရဌာနများ ရုံးစိုက်ရာ နိုင်ငံတော်၏ အုပ်ချုပ်မှုမြို့တော်ဖြစ်သည်နှင့်အညီ အခမ်းအနားများ၊ အစည်းအဝေးများ၊ ပြပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိသဖြင့် ဟိုတယ်များကလည်း ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဝန်ဆောင်မှုပေးနိုင် ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ ယခုကဲ့သို့ ဧည့်သည်နည်းပါးချိန်တွင် ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် လိုအပ် သည်များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ခရီးသည်များကို အချိန်မရွေး ဝန်ဆောင်မှုပေးနိုင် အောင် အသင့်ပြင်ဆင်ထားရန် လိုအပ်ကြောင်း။
ဝန်ထမ်းများ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့် အဝထိုးနှံပေးရန် လိုအပ်ကြောင်း၊ ဒေသအဆင့် အသိအမှတ်ပြုရေး အစီအမံများဖြည့်ဆည်း ဆောင် ရွက်ပြီးဖြစ်၍ ကျန်းမာရေးနှင့် ပတ်သက်၍ လုံခြုံ စိတ်ချရသော ဟိုတယ်များအဖြစ် နိုင်ငံအဆင့် စိစစ် အသိအမှတ်ပြုပေးနိုင်ရန် ဝန်ကြီးဌာနမှ ထူထောင် ထားသော Enchanting Myanmar Health & Safety Protocol Website တွင် ဝင်ရောက်လျှောက်ထားရန် လိုအပ်ကြောင်း၊ နိုင်ငံအဆင့် အသိအမှတ်ပြုတံဆိပ် များရရှိပါက ခရီးသွားဧည့်သည်များ ယုံကြည်စိတ်ချ စွာ လာရောက်တည်းခိုမည်ဖြစ်ကြောင်း ပြောကြားပြီး ဧည့်သည်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်းဗင်းရှင်းဗဟိုဌာန (MICC 1) သို့ သွားရောက်ကြည့်ရှုရာ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပြင်ဆင်ထိန်းသိမ်း ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်အဆင့် အခမ်းအနားများ၊ အစည်း အဝေးများ အချိန်မရွေး ကျင်းပဆောင်ရွက်နိုင်ရေး အတွက် အဆင်သင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက် ထားရှိရန် လိုအပ်ကြောင်းဖြင့်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်