
နေပြည်တော် ဩဂုတ် ၂၄
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်း နိုင်ငံတို့ပါဝင်သော Accelerating a Resilient Recovery CLMVT Plus Forum 2021 ကို ယနေ့ နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ ရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်ဥက္ကဋ္ဌနှင့်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး CLMVT အဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ Trade Partner များ နှင့် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။
ယင်းဖိုရမ်တွင် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr. Jurin Laksanawisit က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပညာရှင်များက ကိုဗစ်-၁၉ အလွန် CLMVT အဖွဲ့ဝင်နိုင်ငံများ၏ အခြေအနေ ကို သုံးသပ်ခြင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာဗဟုသုတများမျှဝေခြင်း၊ အာဆီယံ၊ မဟာ မဲခေါင်ဒေသခွဲ ACMECS အစရှိသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင်များတွင် မြန်မာနိုင်ငံ ပါဝင်သော CLMVT ငါးနိုင်ငံ ခရီးသွားလုပ်ငန်း ဆောင်ရွက်မှုများ အပါအဝင် လက်ရှိကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ချမှတ်သင့်သော နည်းဗျူဟာများကို ဆွေးနွေးခြင်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ များ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ခေါင်းစဉ်များ အလိုက် ဆွေးနွေးခဲ့ကြသည်။
သုံးရက်ကြာ ကျင်းပသွားမည်
အဆိုပါဖိုရမ်ကို ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် သုံးရက်ကြာ ကျင်းပ သွားမည်ဖြစ်ရာ ဖိုရမ်နောက်ဆုံးနေ့ သြဂုတ် ၂၆ ရက်တွင် CLMVT အဖွဲ့ဝင်နိုင်ငံများ၌ ကိုဗစ်-၁၉ အလွန် New Normal ကာလတွင် နည်းပညာအသုံးပြု ကာ စီးပွားရေးလုပ်ငန်းများ စတင်ရေးကို အထောက် အကူပြုရန် ရည်ရွယ်၍ Startup Pitch Competition ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်