ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး တက်ရောက်အမှာစကားပြောကြား

===========================================================================

 

နေပြည်တော် ဇန်နဝါရီ ၆

 

ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် မြန်မာနိုင်ငံမှ ငါးများ ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှု ကျဆင်းနေ သဖြင့် ပြည်တွင်း ငါးစားသုံးမှု တိုးတက်စေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်း တင်ပို့နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၇၃၂ ဒသမ ၁၅၆ သန်းရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၈ ဒသမ ၈၆၉ သန်းထိ တိုးတက်လာပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တစ်နှစ်လုံးသည် ကိုဗစ်ရောဂါကာလအတွင်း လုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ပြည်ပသို့ ငါးအပါအဝင် ရေထွက်ပစ္စည်းတင်ပို့မှုများတွင် အခက်အခဲများ၊ အဆင် မပြေမှုများ ရှိသကဲ့သို့ ပြည်တွင်းဈေးကွက်တွင်လည်း ငါးနှင့်ရေထွက်ကုန်ပစ္စည်း စားသုံးမှုများ လျော့နည်း နေသဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်များတွင် ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် အစည်းအဝေးပြုလုပ်၍ နှိုးဆော်ရခြင်းဖြစ်ပါကြောင်း။

 

ပြည်တွင်းငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးစားသွားကြရန် တိုက်တွန်း လိုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကြောင့် သယ်ယူပို့ဆောင်ရေး အဆင်မပြေမှုများ၊ ရောင်းချမှုအဆင်မပြေမှုများရှိခြင်းကြောင့် ပြည်တွင်းတွင်လည်း ငါးစားသုံးမှု တိုးတက်လာစေရေး

ဝိုင်းဝန်းဆောင်ရွက်စေလိုပါကြောင်း၊ ပုံမှန်အတိုင်းသာ ရေလုပ်ငန်းကဏ္ဍကို အကောင်အထည်ဖော်နိုင်မည် ဆိုပါက နှစ်နှစ်၊ သုံးနှစ်အတွင်း အလွန်တိုးတက်သော ကဏ္ဍ တစ်ခု ဖြစ်လာနိုင်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို New Normal ပုံစံ ဖြင့် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ အားလုံးက ဦးဆောင်စည်းရုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာန ဆိုင်ရာများ၊ စီးပွားရေးသံမှူးများ၊ အသင်းအဖွဲ့များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များအနေဖြင့် ငါးစားသုံးမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ပိုမိုတိုးမြှင့် တင်ပို့နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံမှ ဝိုင်းဝန်းစဉ်းစား အဖြေရှာ အကြံပြုသုံးသပ်ပေးစေလိုပါကြောင်း ပြောကြား သည်။

 

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေးသံမှူးများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာအသင်းအဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြ သည်။

သတင်းစဉ်