ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသများ လှည့်လည်ကြည့်ရှု၊ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲ(၂၀၂၃) တက်ရောက်

 

နေပြည်တော် ဒီဇင်ဘာ ၂၅


ဟိုတယ်နှင့်     ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့နှင့်  ပတ်ဝန်းကျင်ရှိ   ခရီးသွားလုပ်ငန်း အထောက်အကူပြု ခရီးစဉ်ဒေသများကို လှည့်လည် ကြည့်ရှုကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည်   ကျိုင်းတုံမြို့ရှိ  သစ်တစ်ပင်တောင် အပန်းဖြေစခန်းသို့    သွားရောက်ပြီး   ဒေသ၏ အထင်ကရ ခရီးသွား ဆွဲဆောင်မှုနေရာတစ်ခုအဖြစ်  ရေရှည်ရပ်တည်နိုင်ရေး      ဆောင်ရွက်ထားရှိမှုနှင့် နောင်တုံကန်ပတ်ဝန်းကျင်နှင့်  ကျိုင်းတုံဟော်နန်းတည်ဆောက်နေမှုတို့ကို ကြည့်ရှုကြသည်။


အလှူငွေများ လှူဒါန်း


ထို့နောက်   ပြည်ထောင်စုဝန်ကြီး၊  ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်       မဟာမုနိဘုရားကို သွားရောက်   ဖူးမြော်ကြည်ညို၍   အလှူငွေများ ပေးအပ်လှူဒါန်းသည်။


ယင်းနောက် သက်တမ်းရင့်လက်ဖက် စိုက်ခင်း များတည်ရှိရာ ဝမ်ဆိုင်းကျေးရွာသို့ သွားရောက်၍ ခရီးသွားလုပ်ငန်းအထောက်အကူပြု ခရီးစဉ်ဒေသ တစ်ခုအဖြစ် မြှင့်တင်ဖော်ဆောင်နိုင်ရေး လှည့်လည် ကြည့်ရှုကြပြီး ဝမ်ဆိုင်းဒေသထွက် လက်ဖက်ခြောက် ကို ဒေသအမှတ်အသားအဖြစ် ဈေးကွက်အတွင်း ထိုးဖောက်နိုင်ရေးနှင့်     သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင်     ထိန်းသိမ်းစောင့်ရှောက်ရေး   မှာကြားသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ်တောင်ကျေးရွာအုပ်စု၊ ဟိုယန်းကျေးရွာရှိ ကျိုင်းတုံရေတံခွန်သို့သွားရောက် ၍ သစ်ပင်၊ ပန်းပင်များ စိုက်ပျိုးထားရှိမှုနှင့် ရေတံခွန် ပတ်ဝန်းကျင်ကို   လှည့်လည်ကြည့်ရှုပြီး  သဘာဝ ပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသ မထိခိုက်စေရေး မှာကြားကာ ဒေသခံတိုင်းရင်းသားရိုးရာ အကအဖွဲ့ အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။


ဖွင့်ပွဲတက်ရောက်


ထို့ပြင် ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်  ရှမ်းပြည် နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ကျိုင်းတုံမြို့နယ် လွိုင်မွေတောင်စခန်းမြို့၌     ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနနှင့်  ဟိုတယ်လုပ်ငန်းရှင်များ အသင်း (ရွှေတြိဂံဇုန်)တို့  ပူးပေါင်းကျင်းပသော ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာ ပြပွဲ(၂၀၂၃)ဖွင့်ပွဲသို့ တက်ရောက်ကြသည်။ 


ဦးစွာ ချယ်ရီပန်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ အစားအစာ  ပြသရောင်းချပွဲတော်ကို   ပြည်ထောင်စု ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊   ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၏ ခရီးစဉ်ဒေသတစ်ခုဖြစ်သော လွိုင်မွေ ဒေသ၌ ချယ်ရီပန်းပွဲတော်ကို ၂၀၂၂ ခုနှစ်မှ စတင် ကျင်းပခဲ့ကြောင်း၊   ချယ်ရီပန်းပွဲတော်နှင့်အတူ တိုင်းရင်းသားရိုးရာအစားအစာ    ပြသရောင်းချ ပွဲတော်ကို ပထမဆုံးအကြိမ်  စတင်ကျင်းပခြင်းဖြစ် ကြောင်း၊ ယခုပွဲတော်ကို ဒေသ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝကို မြတ်နိုး၍ ချယ်ရီ ပန်းများအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်စေ ရန်၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု၊ အစား အစာများကို ဖော်ထုတ်မြှင့်တင်ပေးရန်နှင့် ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်စေခြင်းဖြင့် ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ကျင်းပ ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ချယ်ရီပန်း ပွဲတော်နှင့်  တိုင်းရင်းသားရိုးရာ  အစားအစာပြသ ရောင်းချပွဲ ကျင်းပရခြင်းရည်ရွယ်ချက်၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ  ဝန်ဆောင်မှုများနှင့်   လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး   သင်တန်းများ ဖွင့်လှစ်ပေးမှုများ၊ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှင့် ခရီးသွားမြှင့်တင်ရေး   ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီး၊  ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းရင်းသား ရိုးရာ အစားအစာပြပွဲတွင် ပါဝင်ပြသရောင်းချကြသည့် တိုင်းရင်းသား   အဖွဲ့များအား  ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသား အဖွဲ့များကိုယ်စား  အာခါတိုင်းရင်းသား ကိုယ်စား လှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ကြရာ ပြည်ထောင်စုဝန်ကြီး၊    ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့်ဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး တိုင်းရင်းသားရိုးရာအစားအစာ ပြသရောင်းချနေသည့် ဆိုင်ခန်းများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗုဒ္ဓ ဥယျာဉ်သို့သွားရောက်၍ ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုပြီး ကျိုင်းတုံမြို့ရှိ Keng Tung Resort Hotel ၌ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက်     ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားကာ   တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။  

သတင်းစဉ်