
နေပြည်တော် ဒီဇင်ဘာ ၂၅
ကိုရီးယားသမ္မတနိုင်ငံနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးတို့မှ ပါးစပ်နှင့်နှာခေါင်းစည်း (mask) များနှင့် လူနာတင်ယာဉ်များ လှူဒါန်းမှုအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ကျင်းပရာ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး နေပြည်တော်မှ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက် သည်။ (ယာပုံ)
အခမ်းအနား၌ ပြည်ထောင်စု ဝန်ကြီးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုများအား ကိုဗစ်-၁၉ ကုသရေးဌာနများနှင့် ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာ ရေးဝန်ထမ်းများ၊ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ကွင်းဆင်း လုပ်ငန်းများ ဆောင်ရွက်နေသော ပြည်သူ့ကျန်းမာရေးပညာရှင်များ၏ ကိုယ်စားလက်ခံခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာများအပါအဝင် အားလုံး၏ကိုယ်စား ကျေးဇူးတင် စကား ပြောကြားလိုပါကြောင်း၊ လှူဒါန်းမှုများသည် ကုသရေးလုပ်ငန်း များအတွက်သာမက ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက်ပါ အကျိုးရှိစေမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု အတိုင်းအတာကို ပိုမိုမြင့်မားစေမည်ဖြစ်ပါကြောင်း။
ကိုရီးယားသမ္မတ နိုင်ငံ၏ တောင်ဘက်ပိုင်း မူဝါဒအသစ်ကို ထပ်ဆောင်းမြှင့်တင်ထားသည့် new southern policy plus နည်းဗျူဟာနှင့် အညီ မိမိတို့နိုင်ငံအနေဖြင့် ကိုရီးယား သမ္မတနိုင်ငံနှင့် ပူးပေါင်းလက်တွဲကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက် ဆုံးရှုံးမှု လျော့ပါးစေရေး၊ လူမှုစီးပွား ရေးကဏ္ဍများ ပုံမှန်ပြန်လည် လည်ပတ်ရေးနှင့် မူဝါဒ၏ အဓိက အချက်ဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလတွင် ကျန်းမာ ရေးဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာပါက ကျန်းမာရေး အပါအဝင် ကဏ္ဍအသီးသီးလည်း တစ်ပါတည်း မြင့်မားလာမည်ဖြစ် ပါကြောင်း။
ဆက်လက်လိုက်နာကြရမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ မူဝါဒနှင့် လမ်းညွှန်ချက် များပေးအပ်ကာ ဝန်ကြီးဌာနအသီးသီး က လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာတွင် အပြီးသတ် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ ကူးစက်မှုပမာဏ၊ ကူးစက် မှု ကာလအတိုင်းအတာ အနည်းအများ နှင့် ရောဂါအပြင်းအပျော့တို့သာ ကွာခြားပြီး လများစွာ ရှိနေဦးမည် ဖြစ်သဖြင့် မိမိတို့အနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အရှိန် လျှော့ချမည်မဟုတ်ဘဲ ရောဂါ ကာကွယ်ရေး စည်းကမ်းများကိုလည်း ဆက်လက်လိုက်နာကြရမည် ဖြစ်ပါ ကြောင်း။
ယခင်ကလည်း ကိုရီးယားသမ္မတ နိုင်ငံအစိုးရ၊ KOICA၊ KOFIH၊ ASEAN-Korea Fund၊ ကိုရီးယားနိုင်ငံမှ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ မြန်မာ နိုင်ငံတွင် နေထိုင်သည့် ကိုရီးယား နိုင်ငံသားများ စသည်တို့က မြန်မာ နိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ (၃ ဒသမ ၂) သန်းကျော်ရှိပြီ ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှု၊ ပြည်တွင်း/ ပြည်ပ အလှူရှင်များ ယခုကဲ့သို့ လှူဒါန်းမှုများကြောင့် ကိုဗစ်-၁၉ လူနာများအား ဓာတ်ခွဲ စစ်ဆေးခြင်း၊ ဆေးရုံများ၌ကုသမှု ပေးခြင်းနှင့် အသွားအလာကန့်သတ် နေရာများ၌ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးနိုင်ခြင်း ဖြစ်ပါ ကြောင်း။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဘက်စုံ မှ ပံ့ပိုးပေးလျက်ရှိသည့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ စီးပွားရေးဆိုင်ရာ အကြံ ပေးနှင့် တောင်ဘက်ပိုင်းဆိုင်ရာ မူဝါဒဆိုင်ရာ သမ္မတ၏ ကော်မတီ (Presidential Committee on New Southern Policy) ဥက္ကဋ္ဌ Mr. Park Bokyeong က ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း နေထိုင်သူများ၏ လူနေမှုဘဝကို များစွာ ပြောင်းလဲစေခဲ့ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင် တိုက်ရာတွင် (၁) ပြည်သူများနှင့်အတူ ကျော်လွှားခြင်း၊ (၂) အသွားအလာ ပိတ်ပင်တားမြစ်ခြင်း မပြုလုပ်ဘဲ သတ်မှတ်စည်းကမ်းများနှင့်အတူ သွားလာလုပ်ကိုင်ခွင့်ပြုခြင်း၊ ပွင့်လင်း မှုရှိ စွာဆောင်ရွက်ခြင်း၊ (၃) ရောဂါ ဖြစ်ပွားမှုအခြေအနေကို ပွင့်လင်း မြင်သာစွာချပြပြီး အစိုးရ၏ လုပ်ဆောင်မှုကို ယုံကြည်မှုရအောင် ဆောင်ရွက်ခြင်း အချက် (၃) ခုဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
မိမိအနေဖြင့် ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ သည်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဦးဆောင်လမ်းညွှန်မှုအောက် တွင် ကိုဗစ် - ၁၉ ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတကြီး Mr Moon-Jae-in က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံ များအသင်းနှင့် ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်နိုင်ရန်အတွက် New Southern Policy ကို ထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း။
လုပ်ငန်းကဏ္ဍ (၇) ရပ်ပါဝင်
ထို့ပြင် ယခုနှစ်တွင် အရှေ့တောင် အာရှနိုင်ငံများအသင်းနှင့် ရေရှည် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွက် လုပ်ငန်းကဏ္ဍ (၇) ရပ်ပါဝင် သော New Southern Policy Plus ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မူဝါဒသစ်၌ ကျန်းမာရေးကဏ္ဍတွင် ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်ရန် ဟု ပါရှိပြီး ကိုရီးယားအစိုးရအနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်၊ ကုသရေး လုပ်ငန်း အထောက်အကူပြုပစ္စည်း Rapid Antigen test များကို ယခုကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း။
ထို့ပြင် ကျန်းမာရေးဝန်ထမ်းများ ၏ စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ အထောက်အပံ့များကိုလည်း ပေးအပ် သွားရန်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုရီးယား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာ အားကောင်းလာခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါအစပိုင်းတွင် မြန်မာ နိုင်ငံရှိ စက်မှုဇုန်တွင် ထုတ်လုပ်နေ သော တစ်ကိုယ်ရေသုံး ရောဂါ ကာကွယ်ရေးပစ္စည်း (PPE) များကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်ပို့ သယ်ဆောင်နိုင်ခဲ့ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော ကိုရီးယားနိုင်ငံသားများ ကိုရီးယားနိုင်ငံသို့ ဘေးကင်းစွာပြန်နိုင် ရေးအတွက် မြန်မာနိုင်ငံအစိုးရမှ ကူညီပေးခဲ့ပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံ အစိုးရအဖွဲ့၊ ကုမ္ပဏီများ နှင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသော ကိုရီးယားလူမျိုး များက စေတနာအလျောက် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေး အထောက် အကူပြုပစ္စည်းများကို ယခုလို လှူဒါန်း ရခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါ ကြောင်းနှင့် မြန်မာစကားပုံတစ်ခု ဖြစ်သည့် ‘‘တစ်လှေတည်းစီး၊ တစ်ခရီး တည်းသွား’’ ဆိုသည်နှင့်အညီ ကိုရီးယားသမ္မတနိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ကိုဗစ်-၁၉ ကပ်ရောဂါကို အတူတကွ ကျော်ဖြတ်ကြပါစို့ဟု ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်း မှုများ၊ အားပေးထောက်ပံ့မှုများသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးရှိ ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင် စီးပွားရေးကျဆင်းမှုများ ဖြစ်ပေါ် လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မထိ ခိုက်စေရေးအတွက်လည်း အလေး ထားကာ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
ယခုကဲ့သို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကြုံတွေ့နေသည့် အချိန်ကာလတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ချစ်ကြည် ရင်းနှီးစွာ ပံ့ပိုးမှုများအတွက် မိမိတို့ နိုင်ငံသားများအားလုံး၏ ရင်ထဲတွင် အမှတ်ရ ကျေးဇူးတင်ရှိနေမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Hai Kyung Jun က ပြောကြားရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးမှ KF94 ပါးစပ်နှင့်နှာခေါင်းစည်း (KF94 mask) များ ပါဝင်လှူဒါန်းခွင့်ရရှိသည့်အပေါ် ဝမ်းမြောက်မိပါကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အနေဖြင့် မြန်မာနိုင်ငံ၊ ကိုရီးယား သမ္မတနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် စုပေါင်းအင်အားများဖြင့် စုစည်း ပူးပေါင်းကာ လုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ နှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင်လည်း သက်ဆိုင်ရာကဏ္ဍမှ ဆက်လက်၍ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ယင်းနောက် Mr. Park Bokyeong၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာ လီဆန်းဟွာနှင့် Ms. Hai Kyung Jun တို့က တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇၉,၃၆၁ ရှိ KF94 ပါးစပ်နှင့် နှာခေါင်းစည်း (KF94 mask) ၄၁၆,၉၅၈ ခုအား ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်ထံသို့ လွှဲပြောင်းပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ Korean Association ၏ ကိုယ်စား လှယ် Mr. Chun Sung Ho နှင့် တာဝန်ရှိသူများက အရေးပေါ် လူနာတင်ယာဉ်ငါးစီးကို ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်