
နေပြည်တော် ဇန်နဝါရီ ၁၈
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ဒုတိယဝန်ကြီး ဦးကိုကိုလွင်၊ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးအောင်ကြည်သိန်းတို့နှင့်အတူ ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ်ရှိ မင်းရွာရော်ဘာခြံ၌ ရော်ဘာပင်များ စိုက်ပျိုးထား ရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခရမ့်ရော်ဘာစက်ရုံ သို့ရောက်ရှိပြီး ရော်ဘာထုတ်လုပ်နေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်မှုဝန်ကြီး ဌာနနှင့် United Agrifood Co., Ltd. တို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော အောင်မြင်ဖြစ်ထွန်းနေသည့် ဒူးရင်းပင်များ စိုက်ပျိုး ထားရှိမှုကို အားပေးကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြွေထည်ပစ္စည်း ထုတ်လုပ်ရေးဌာန (မော်လမြိုင်) သို့ ရောက်ရှိပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်တို့ကိုကြည့်ရှုသည်။ ယင်းနောက် အမှတ်(၄) အရက်ချက်စက်ရုံ (မော်လမြိုင်)သို့ ရောက်ရှိပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ် သည်များ မှာကြားသည်။
ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြု
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုသည့်အထောက် အကူပြုပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုတတ်စေရန် လေ့ကျင့်သင်ယူထားရန်လိုကြောင်း၊ လျှပ်စစ်နှင့် ပတ်သက်၍ ဓာတ်လိုက်မှု၊ ပေါ့ဆမှု၊ မီးလောင်မှုများ မဖြစ်စေရန် စနစ်တကျ စစ်ဆေး ပေးရန် လိုအပ်သလို ပညာပေးဆွေးနွေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရန်လိုကြောင်း၊ ထို့အတူ ဘွိုင်လာ များကိုလည်း သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရန် စနစ်တကျစစ်ဆေးပေးရန်လိုကြောင်း၊ စက်မှုလုပ်ငန်းများကို စစ်ဆေး သည့်အခါ ကျန်းမာရေး၊ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အလေးထား စစ်ဆေးပေးရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် ရလဒ်ကောင်းများရရှိသည်အထိ ဆောင်ရွက်ကြရန်လိုကြောင်း မှာကြား သည်။
အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိ
ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်းနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တွေ့ဆုံ၍ စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းလည်ပတ် အကောင်အထည် ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ဒုတိယ ဝန်ကြီးက မွန်ပြည်နယ်အတွင်းရှိ စက်မှုဝန်ကြီးဌာန၏ ရော်ဘာများ စိုက်ပျိုးထုတ်လုပ်နေမှု၊ စက်ရုံများအခြေအနေ၊ ပြည်နယ်အတွင်းရှိ လူငယ် လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိနိုင်ရေးအတွက် ရော်ဘာအထူးပြု စက်မှုသင်တန်းကျောင်းကို လာမည့်နှစ်တွင် ဖွင့်လှစ် နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ်က စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ်ရှိ ကျုံကရော်ဘာခြံသို့ ရောက်ရှိပြီး မြေကွက်လပ်နေရာများတွင် မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် အခြားနှစ်ရှည်ပင်သီးနှံများ စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် အမှတ်(၂၁)အကြီးစား စက်ရုံ (သထုံ)၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများကို လိုအပ် သည်များမှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး သည်။ (အပေါ်ပုံ)
ကျွမ်းကျင်တတ်မြောက်အောင်လေ့လာသင်ယူ
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရော်ဘာအထူးပြုဘာသာရပ် များကို သင်ကြားပေးမည့် အမှတ်(၈)စက်မှုသင်တန်းကျောင်း(သထုံ)သို့ရောက်ရှိပြီး နိုင်ငံနှင့် ပြည်နယ်အတွက် အကျိုးရှိထိရောက်သည့် သင်တန်းကျောင်းဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ သမားရိုးကျ ပညာရေးစနစ်မှသည် လုပ်ငန်းကျွမ်းကျင်မှုအခြေပြုသည့် ပညာရေးနှင့် လေ့ကျင့်ရေးစနစ်ဖြစ်စေရေး ဆောင်ရွက်ရန်၊ နည်းပြဆရာ ဆရာမများ အနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဘာသာရပ်အသီးသီးကို ကျွမ်းကျင် တတ်မြောက်အောင် လေ့လာသင်ယူထားကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်