
နေပြည်တော် သြဂုတ် ၁၇
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် သြဂုတ် ၁၅ ရက် ညနေပိုင်းက ရန်ကုန် တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ထင်းပုံဆိပ်ကျေးရွာနှင့် ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ် ညောင်ပင် တန်း ကျေးရွာများတွင် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှုသက်သာရေး စီမံ ချက် (Covid-19 Economic Relife Plan - CERP) အရ အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် အလုပ်ပေး ငွေပေး (Cash for Work) စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့် အဖွဲ့သည် လမ်း၊ တံတား၊ မြောင်း စသည့် ကျေးရွာအခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်နေကြသည့် ကျေးရွာသူ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေး အကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတို စီမံချက်ဖြစ်သည့် ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အရ ဝင်ငွေရရှိစေမည့် အလုပ် အကိုင် အခွင့်အလမ်းများ ဖန်တီး ပေးခြင်း လုပ်ငန်းတစ်ခုဖြစ်သည့် Cash for Work စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၌ ကျေးရွာ ၁၁၀ တွင်လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး၌ ကျေးရွာ ၂၅၀ တွင်လည်းကောင်း အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ လုံးအနေဖြင့် ငွေကျပ်သန်းပေါင်း ၂၅၀၀၀ သုံးစွဲ၍ ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (Village Revolving Fund Project - VRFP) ဖြင့် ရန်ကုန်တိုင်း ဒေသကြီး၌ ကျေးရွာ ၈၀ တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသ ကြီး၌ ကျေးရွာ ၁၀၀ တွင်လည်း ကောင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး အနေဖြင့် ကျေးရွာပေါင်း ၁၇၁၀ တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့ အထိ ငွေကျပ်သန်းပေါင်း ၄၀၈၃၀ သုံးစွဲပြီးဖြစ်ကြောင်း သိရသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒေးဒရဲမြို့နယ် ဂွကလေးကျေးရွာနှင့် ဖျာပုံမြို့နယ် ကိုးအိမ်တန်းကျေးရွာများသို့ ရောက်ရှိ ပြီး ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အရ ဆောင်ရွက် လျက်ရှိသည့် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွင်းများအား ကြည့်ရှုအားပေးပြီး မိုးစပါးမျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံကာ CERP မိုးစပါးမျိုးစေ့ထုတ် ထောက်ပံ့ငွေများ ပေးအပ်သည်။
၇၀၉၅ ဧက စိုက်ပျိုးပြီးစီး
ဧရာဝတီတိုင်းဒေသကြီး၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် ဧက ၃၇ သိန်း ကျော် လျာထားဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ စုစုပေါင်း ၃၁၅၆၂၅၈ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း၊ CERP မိုးစပါး မျိုးစေ့ထုတ် စိုက်ပျိုးမှုအနေဖြင့် လျာထား ၁၀၄၇၅ ဧကဖြစ်ပြီး ယနေ့အထိ ၇၀၉၅ ဧက စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ဘိုကလေး မြို့နယ် သကံဝကျေးရွာ တောင်သူ ဦးတင်စိုး၏ ပေါ်ဆန်းရင် မိုးစပါး မျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိ ကြရာ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးဇော် က ဧရာဝတီတိုင်းဒေသကြီး၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အခြေ အနေများ၊ CERP အရ မိုးစပါးမျိုးစေ့ ထုတ် စိုက်ပျိုးမှုနှင့် တောင်သူပညာ ပေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက် ပေးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ကြိုးပမ်းအားထုတ်ကြစေလို
ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ပေါ်ဆန်းရင် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းအတွင်း ကြားပေါင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး ပြီး ဒေသနေတောင်သူများနှင့် တွေ့ဆုံ ကာ လယ်ယာမြေနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ကိုယ်တိုင် စီမံခန့်ခွဲနိုင်သည့် စနစ်၊ တာဝန်ယူ တာဝန်ခံနိုင်သည့် စနစ်များ ဆောင်ရွက်နိုင်ရေး၊ ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းနိုင်ရေးတို့ကို မျှော်မှန်းပြီး တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေး ဥပဒေအရ တောင်သူလယ်သမား အသင်းအစုအဖွဲ့များ ဖွဲ့စည်းရေး အတွက် တောင်သူလယ်သမား အဖွဲ့ အစည်းဆိုင်ရာ ဥပဒေကို ရေးဆွဲလျက် ရှိပါကြောင်း၊ တောင်သူလယ်သမား များအားလုံး မိမိတို့ဒေသအလိုက် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြခြင်းဖြင့် တွေ့ကြုံနေရ သော မြေယာပြဿနာများ အပါအဝင် အခက်အခဲများအားလုံးကို ရင်ဆိုင် ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယခု ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင် ဖြတ်ကျော်နေချိန်တွင် ရရှိနေသည့် နိုင်ငံတော်၏ အထောက်အပံ့၊ ဌာန ဆိုင်ရာများ၏ ကူညီအားပေးမှု အခွင့် အရေးများကို အမိအရဆုပ်ကိုင်ပြီး မိမိတို့ တစ်မိသားစုချင်းဘဝ တိုးတက် ရေး၊ မိမိဒေသ ဖွံ့ဖြိုးရေးတို့အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်လတ် မြို့နယ် အိပ်ယာကြီးကျေးရွာတွင် CERP အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးအားပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် မအူပင်မြို့နယ် တလုပ်လှငါးလုပ်ငန်း စခန်းသို့ ရောက်ရှိကြပြီး ငါးမွေးတောင်သူများ နှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ငါးမွေးတောင်သူများ အား ငါးသားပေါက်များ ပေးအပ်သည်။
မအူပင်ခရိုင်အတွင်း ငါးမွေးကန် ၂၃၅၉ ဧကရှိပြီး ယခုအခမ်းအနားတွင် ငါးမွေးကန် ဧက ၂၀၀ အတွက် ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၌ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်အရ ငါးမွေးကန် စုစုပေါင်း ၅၄၃၉၉ ဒသမ ၄ ဧက ကို ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်