
နေပြည်တော် နိုဝင်ဘာ ၁၆
ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ် များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့ တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အတည်ပြုရွေးချယ်ခြင်းအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ အဆိုပါတက္ကသိုလ်နှင့် ကောလိပ်တို့ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းသား၊ သင်တန်းသူများ အတည် ပြုရွေးချယ်ခြင်းအခမ်းအနားသို့ သင်တန်းသား ရွေးချယ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ (၁) နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်လင်းနှင့် တာဝန်ရှိသူများ တက်ရောက်ရွေးချယ်ပေးခဲ့ကြသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသရှိ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) တို့သို့ တက်ရောက်ကြမည့် သင်တန်းသား သင်တန်း သူများကို ရွေးချယ်ရာတွင် နယ်စပ်ဒေသ တိုင်းရင်း သားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး သတ်မှတ်အမှတ်ပြည့်မီသူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်နှင့်ကိုက်ညီသော တိုင်းရင်းသား၊ တိုင်းရင်းသူများကို လူတွေ့စစ်ဆေး အတည်ပြု ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
ယခုပညာသင်နှစ်တွင် သင်တန်းသားရွေးချယ် ရေးဗဟိုကော်မတီက စိစစ်ရွေးချယ်ပေးသည့် မြန်မာ နိုင်ငံ တစ်ဝန်းရှိ ဝေးလံခေါင်းပါးသော နယ်စပ်ဒေသ များမှ B.Ed ပညာရေးဘွဲ့ သင်တန်းအတွက် ၃၂၀နှင့် ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာသင်တန်းအတွက် ၃၆၂ ဦးတို့ကို စိစစ်အတည်ပြုပြီးပါက B.Ed ပညာရေးဘွဲ့ ၅ နှစ်၊ ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ ၄ နှစ်၊ A.G.T.I ဒီပလိုမာ ၃ နှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး ကျောင်းဆင်းပြီးချိန် တွင် ဒီပလိုမာဘွဲ့များ အပ်နှင်းပေးကာ B.Ed ဘွဲ့ရရှိ သူများကို အထက်တန်းပြ ဆရာ၊ ဆရာမအဖြစ် လည်းကောင်း၊ ဝိဇ္ဇာ၊ သိပ္ပံ ၊ A.G.T.I ဒီပလိုမာရရှိသူ များကို ဝန်ကြီးဌာနများတွင် အကြီးတန်းစာရေး နှင့်အဆင့်တူ ရာထူးနေရာများတွင်လည်းကောင်း နိုင်ငံ့ဝန်ထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် B.Ed သင်တန်းဆင်း ၁၄၀၅၈ ဦးနှင့် ဒီဂရီကောလိပ်ဆင်း နိုင်ငံဝန်ထမ်း ၄၆၉၈ ဦး ခန့်အပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ရွေးချယ်ပွဲအပြီးတွင် ဒုတိယဝန်ကြီးသည် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် သင်တန်းသား၊ သင်တန်းသူများကို ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံ အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်း သူများထားရှိမည့် အိပ်ဆောင်များ၊ စာသင်ဆောင် များ၊ စားရိပ်သာများနှင့် သင်တန်းသား၊ သင်တန်း သူများ အာဟာရပြည့်လုံလောက်စွာ စားသုံးနိုင်ရေး မွေးမြူရေးနှင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှု များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစဉ်