ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း

 

ကဏ္ဍအသီးသီးမှာ နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ အဂတိလိုက်စားမှုဖြစ်ပေါ်စေတဲ့ 
အပြုအမူတွေကိုရှောင်ရှားပြီး အများပြည်သူအကျိုးစီးပွားကို ဦးတည်ချက်ထားလုပ်ဆောင်ဖို့ လိုအပ်

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်
 

 

ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျရောက်တဲ့   အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား တက်ရောက်လာကြသော ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊  အထူး ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း နှုတ်ခွန်းဆက်သအပ် ပါတယ်။

 


ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၀၃ ခုနှစ်၊ အောက်တိုဘာ လ ၃၁ ရက်နေ့ ဆုံးဖြတ်ချက်အမှတ် ၅၈ / ၄ နဲ့ ဒီဇင်ဘာလ ၉ ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိအမြင် များ ကျယ်ပြန့်လာစေရေး၊    အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေးအပိုင်းတို့မှာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ရဲ့ အဓိကကျတဲ့  အခန်းကဏ္ဍများကို   ပိုမိုသိရှိ နားလည်စေဖို့အတွက်  အပြည်ပြည်ဆိုင်ရာ   အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်း မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

 


ဒါကြောင့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့အသိုက်အဝန်းအတွင်း ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံများနည်းတူ မိမိတို့ မြန်မာနိုင်ငံမှာလည်း ၂၀၁၇ ခုနှစ်မှစပြီး ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ယခုနှစ် မှာ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် လူပုဂ္ဂိုလ်များ တက်ရောက်တဲ့ အခမ်းအနားမဟုတ်ဘဲ Virtual Format နဲ့သာ ကျင်းပရခြင်း ဖြစ်ပါ တယ်။   

 


ကုလသမဂ္ဂကချမှတ်ထားတဲ့ ၂၀၃၀   စဉ်ဆက်မပြတ်  ဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ(SDGs)ရဲ့ ပန်းတိုင်-၁၆ မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍအဖြစ် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်း၍ အားလုံးပါဝင်နိုင်သော အဖွဲ့ အစည်းများ တိုးတက်စေရေး၊ အားလုံးအတွက် တရားမျှတမှုဖြစ်ပေါ် စေရေးနှင့် အဆင့်တိုင်း၌ ထိရောက်၍ တာဝန်ခံမှု၊ တာဝန်ယူမှုရှိသော လူတိုင်းအကျုံးဝင်သည့် အဖွဲ့အစည်းများ ထူထောင်ရေး” ကို ဖော်ပြ ထားပါတယ်။ အစိုးရဌာန/အဖွဲ့အစည်းများအနေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုကို အမျိုးသား ရေး တာဝန်တစ်ရပ်အဖြစ်ခံယူပြီး  ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ အတွင်း သန့်ရှင်းတဲ့အစိုးရနဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း ပြီး တိုးတက်သာယာတဲ့   နိုင်ငံတော်ကို   တည်ဆောက်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

 


ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရာမှာ အဂတိလိုက်စား မှု တိုက်ဖျက်ရေးကလည်း အရေးပါသလို  နိုင်ငံ့ဝန်ထမ်းများနဲ့  အဖွဲ့ အစည်းများအတွင်း ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှု တည်ဆောက်ခြင်း နဲ့ အများယုံကြည်မှုတည်ဆောက်ခြင်းတို့လည်း   လိုအပ်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေဆိုတာ    နိုင်ငံတော်နဲ့  ပြည်သူများအကြားက ပေါင်းကူးတံတားဖြစ်ပါတယ်။  နိုင်ငံတော်အပေါ်    ပြည်သူများရဲ့ ယုံကြည်မှုတွေရရှိဖို့အတွက်ဆိုရင် ဝန်ထမ်းတွေအနေနဲ့ အဂတိတရား ကင်းပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။

 


အဲ့ဒီလိုလိုက်နာဖို့အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ   စံတန်ဖိုးများကို   ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါစံတန်ဖိုးများရဲ့ အဓိက ရည်ညွှန်းထားတာက တော့ ဝန်ထမ်းတွေအနေနဲ့    လုပ်ငန်းတာဝန်ထမ်းဆောင်ရာမှာ ပွင့်လင်းမြင်သာမှုရှိခြင်း၊ တာဝန်ယူမှုနဲ့တာဝန်ခံမှုရှိခြင်း၊ ဘက်လိုက် မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်းနဲ့ တရားမျှတစွာဆောင်ရွက်ခြင်းအစရှိတဲ့ အခြေခံကျင့်ဝတ် စံတန်ဖိုးများကို အဓိက လက်ကိုင်ထား စေဖို့ ရည်ရွယ်လမ်းညွှန်ထားတာဖြစ်လို့ ဝန်ထမ်းအားလုံး    လေးစား လိုက်နာဖို့ လိုအပ်ပါတယ်။

 


အဂတိလိုက်စားမှု၊ အဂတိတရားဆိုတဲ့ အသုံးအနှုန်းနဲ့ပတ်သက် တဲ့  အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊  မလုပ်ဖို့ တားမြစ်ဆုံးမတာတွေဟာ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်မှာ ဗုဒ္ဓတရားတော်များရဲ့ အဆုံးအမတွေနဲ့အညီ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဂတိတရား(၄)ပါးဆိုတာကို တော်တော်များများ သိကြပါတယ်။ 

 


ဆန္ဒာဂတိ       -    ချစ်သည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို    လိုက်၍ 
        မပြုလုပ်သင့်တာကို ပြုလုပ်မိခြင်း။
ဒေါသာဂတိ   -    မုန်းသည်ဖြစ်၍ ဘက်မလိုက်သင့်သည်ကို   လိုက်၍ 
        မပြုလုပ်သင့်တာကို ပြုလုပ်မိခြင်း။
ဘယာဂတိ   -    ကြောက်သဖြင့် ဘက်မလိုက်သင့်သည်ကို   လိုက်၍       
        မပြုလုပ်သင့်တာကို ပြုလုပ်မိခြင်း။
မောဟာဂတိ -    တွေဝေသဖြင့် ဘက်မလိုက်သင့်သည်ကို    လိုက်၍ 
        မပြုလုပ်သင့်တာကို ပြုလုပ်မိခြင်း။
တို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဂတိတရားဆိုတဲ့ အဓိပ္ပာယ်ဟာ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်မှာ ကမ္ဘာထက်   ပိုမိုကျယ်ပြန့်နက်နဲတယ်လို့  ပြောလိုပါတယ်။

 


အဂတိလိုက်စားမှုဟာ နိုင်ငံရေးနယ်ပယ်၊  စီးပွားရေးနယ်ပယ်၊ အုပ်ချုပ်မှုနယ်ပယ်တွေမှာ ငွေကြေးဆိုင်ရာ အဂတိလိုက်စားမှု အပြု အမူများ၊ နိုင်ငံပိုင်ပစ္စည်းနဲ့သက်ဆိုင်တဲ့ အဂတိလိုက်စားမှုအပြုအမူ များ၊ လူသားအရင်းအမြစ်နဲ့သက်ဆိုင်သည့် အဂတိလိုက်စားမှု အပြု အမူများ၊ လုပ်ပိုင်ခွင့်အာဏာနဲ့သက်ဆိုင်တဲ့ အဂတိလိုက်စားမှု အပြု အမူများ စတဲ့ပုံစံအမျိုးမျိုးနဲ့ ဖြစ်ပွားနေတာဖြစ်ပါတယ်။ 

 


ဒါကြောင့်  ကဏ္ဍအသီးသီးမှာ    နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေဟာ အဂတိလိုက်စားမှုဖြစ်ပေါ်စေတဲ့ အပြုအမူတွေကိုရှောင်ရှားပြီး အများပြည်သူအကျိုးစီးပွားကို ဦးတည် ချက်ထားလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

 


တကယ်တော့   အဂတိလိုက်စားမှုဆိုတာဟာ    အများပြည်သူ အကျိုးစီးပွားဆောင်ရွက်ရန် မိမိကိုယုံကြည်အပ်နှင်းထားတဲ့ လုပ်ပိုင် ခွင့်အာဏာကိုအသုံးချပြီး မိမိအကျိုးစီးပွားအတွက်  အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းအား လုပ်ပိုင်ခွင့်၊ ချင့်ချိန် နိုင်ခွင့် အလွန်အကျွံအပ်နှင်းထားခြင်း၊    ချင့်ချိန်နိုင်မှု လုပ်ပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်း၊ ချင့်ချိန်ဆောင်ရွက်မှုကို ထိရောက်စွာစောင့်ကြည့်စစ်ဆေးတဲ့ နည်း စနစ်များမရှိခြင်း၊ မိမိတို့ရဲ့ ဆုံးဖြတ်ချက်အတွက် တာဝန်ယူမှုမရှိခြင်း တို့ဟာ အဂတိလိုက်စားမှု ပိုမိုဖြစ်ပွားနိုင်ကြောင်း တွေ့ရှိရပါတယ်။ 

 


အဂတိလိုက်စားမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပေါ် စိတ်ဆန္ဒ ပြင်းပြစွာနဲ့ မူဝါဒချမှတ်ဆောင်ရွက်နိုင်ဖို့လိုသလို  ဥပဒေမူဘောင် ခိုင်မာရေးကလည်း အရေးကြီးပါတယ်။ ဒါကြောင့်   မိမိတို့အစိုးရ လက်ထက်မှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနည်းဥပဒေကို ပြဋ္ဌာန်း ပေးနိုင်ခဲ့ပြီး အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနဲ့ အရေးယူ ဆောင်ရွက်ခြင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။

 


အဂတိလိုက်စားမှုဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်း မှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေနိုင်တဲ့အတွက်  နိုင်ငံတော်အတွင်း အဂတိလိုက်စားမှုကြီးများကို ဖော်ထုတ်ပြီး ဘက်လိုက်မှုမရှိဘဲ ဥပဒေ နဲ့အညီ အရေးယူခဲ့တဲ့အပြင် အစိုးရဌာန/ အဖွဲ့အစည်းများအတွင်း အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption-Preven-tion Unit) များကိုလည်း စနစ်တကျအကောင်အထည်ဖော်ဖွဲ့စည်းမှုများ ပြုလုပ်နိုင်ခဲ့တဲ့အတွက်  ဌာနများမှာ  အဂတိလိုက်စားမှုများ ယခုထက် လျော့နည်းကျဆင်းလာမှာ ဖြစ်ပါတယ်။

 


လူ့အဖွဲ့အစည်းအတွင်း  အဂတိလိုက်စားမှုကို    လက်မခံတဲ့ ဖြောင့်မတ်တည်ကြည်မှုရှိတဲ့ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ထွန်းလာစေဖို့ အတွက် ပြည်သူလူထုတစ်ဦးချင်းစီက အဂတိလိုက်စားမှု တိုက်ဖျက် ရေးလုပ်ငန်းတွေမှာ ပါဝင်မှသာ မိမိလုပ်ငန်းခွင်၊ မိမိနေထိုင်ရာ လူမှု ပတ်ဝန်းကျင်ကို ရိုးသားဖြောင့်မတ်မှုနဲ့ အဂတိကင်းစင်သော လူမှု အသိုက်အဝန်းတစ်ခု တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 


အဂတိလိုက်စားမှုပြဿနာများကို စိစစ်အကဲဖြတ်ခြင်း၊ ပြုပြင် ပြောင်းလဲရေးများကို ရေးဆွဲအကောင်အထည်ဖော်ခြင်းတို့မှာ ပြည်သူ လူထုပါဝင်ဆောင်ရွက်လာရေးဟာ  အဂတိလိုက်စားမှု   တားဆီး ကာကွယ်ရေးမဟာဗျူဟာတွေမှာ   အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်တယ်ဆိုတာ ဖော်ပြလိုပါတယ်။ အဂတိလိုက်စားမှုကို လျှော့ချဖို့ ရည်ရွယ်တဲ့ မည်သည့်အစီအစဉ်မဆို   အဂတိလိုက်စားမှုကြောင့် ထိခိုက်နစ်နာသူများအား ပါဝင်ပတ်သက်ခွင့်ရဖို့ အရေးကြီးပါတယ်။ ညွှန်ကြားချက်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကို   အများပြည်သူ လွယ်ကူရှင်းလင်းစွာ သိနားလည်တဲ့ ဖော်ပြချက်တွေနဲ့ ပြုပြင်ဖို့တွေ လည်း ပါဝင်လာမှာဖြစ်ပါတယ်။

 


နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ မြန်မာနိုင်ငံမှာ အဂတိ ကင်းစင်တဲ့ လူ့အသိုင်းအဝိုင်းဖြစ်လာရေးမှာ ရှိနေဆဲဖြစ်တဲ့ အဂတိ လိုက်စားမှုတွေ လျော့ပါးသွားအောင် အဂတိလိုက်စားမှု ဖြစ်စဉ်တွေ ကို စုံစမ်းစစ်ဆေးအရေးယူရမှာဖြစ်သလို နောင်အနာဂတ်မှာလည်း အဂတိလိုက်စားမှုကင်းစင်တဲ့ နိုင်ငံတော်တစ်ရပ်ဖြစ်စေရေးအတွက် အစိုးရဌာန/ အဖွဲ့အစည်းအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်များနဲ့ ပြည်သူ လူထုတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် အလေးအနက် တိုက်တွန်းရင်း အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နေ့ကို ဂုဏ်ပြုအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။