ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့) ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများခင်ဗျား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ မင်္ဂလာအခါသမယတွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ၊ဆရာမများအားလုံး ကာယ သုခ၊ စိတ္တသုခနှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်း‌မေတ္တာပို့သအပ်ပါသည်။ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာ တစ်ဝန်းလုံးမှ ဆရာများ၏ မြင့်မြတ်သောဂုဏ်ကို ချီးကျူး ဂုဏ်ပြုသည့် ကျက်သရေမင်္ဂလာရှိလှသော ကမ္ဘာ့ဆရာများ နေ့ ဖြစ်ပါသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO)နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့(UNESCO) တို့က ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သက်သည့် ထောက်ခံချက်ကို လက်မှတ်ရေးထိုးခဲ့သော ၁၉၆၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ကို အစွဲပြုလျက် ၁၉၉၄ ခုနှစ် မှစတင်ကာ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့တွင် ကမ္ဘာ့ ဆရာများနေ့အခမ်းအနားကို ကမ္ဘာအနှံ့ကျင်းပခဲ့ကြသည်မှာ ယခုအခါ နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင်လည်း ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ပညာရေး ဝန်ကြီးဌာနက ကြီးမှူး၍ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်တွင် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ၌ နိုင်ငံတော် အဆင့် စတင်ကျင်းပခဲ့ရာ ယခုအခါတွင် ၂၂ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာမှာ ရှေးနှစ်ပေါင်း များစွာကတည်းကပင် တည်ရှိခဲ့ပြီး ယနေ့ထက်တိုင်လည်း တည်တံ့ခိုင်မြဲလျက်ရှိပါသည်။ မြန်မာတို့သည် ပညာကို အထူးလိုလားသော ဓလေ့စရိုက်စွဲမြဲသည့်အပြင် ကျေးဇူး တရားကို ဦးထိပ်ပန်ဆင်လျက် ကျေးဇူးအထူးသိတတ်၊ တုံ့ပြန်ပေးဆပ်တတ်သူများဖြစ်သည့်အားလျော်စွာ ဆရာများကို အနန္တော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ဟုသတ်မှတ်ပြီး ရိုသေလေးစား ခဲ့ကြသည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ အနန္တဂိုဏ်းဝင်ကျေးဇူးရှင်များဖြစ်ကြသည့် ဆရာ၏အဓိပ္ပာယ်ကို မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် “သွန်သင်ဆုံးမနည်းလမ်းပြသော ပုဂ္ဂိုလ်၊ ပညာပို့ချသင်ကြားပေးသူ” ဟု ဖွင့်ဆိုထားပါသည်။ မြန်မာမှု နယ်ပယ်တွင် သင်ဆရာ (မုတာစရိယ)၊ မြင်ဆရာ (ဒိဋ္ဌာစရိယ)နှင့် ကြားဆရာ (သုတာစရိယ)ဟူ၍ သုံးမျိုးရှိပါသည်။ ဆရာများသည် တပည့်တို့အား ကျောသားရင်သားမခွဲခြားဘဲ သားသမီးအရင်းကဲ့သို့ သဘောထားကာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်၊ အသိ အလိမ္မာနှင့် စိတ်ဓာတ်ရေးရာမြင့်မားအောင် သင်ကြားညွှန်ပြပေးကြ ပါသည်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာအရင်းခံ၍ တပည့်များကို “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာ အပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ”ဆိုသည့် ဆရာ့ဝတ္တရားများနှင့်အညီ ကျင့်ကြံကြကုန်သော ဆရာတို့၏ဂုဏ်ရည်မှာ ချီးကျူးစာဖွဲ့၍ မကုန်နိုင်အောင် ကြီးမားလှပါသည်။ ဆရာများက ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာများကို အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးကြမှသာ လူ့ဘဝခရီးတွင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများ၊ ပြဿနာများကို ဖြေရှင်း ကျော်လွှားကာ လုပ်ငန်းအောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်မည် ဖြစ်ပါသည်။ တပည့်များ၏ ပညာအရည်အသွေးမြင့်မားစေရန် ဆရာ့အရည် အသွေးလည်းမြင့်မားနေရမည်ဖြစ်ရာ ဆရာများသည် အမြဲလေ့လာ နေကြရပါမည်။ ဆန်းသစ်သည့်အယူအဆ၊ အတွေးအခေါ်များနှင့် ရှင်သန်နေကြရမည်ဖြစ်ပါသည်။ ဆရာကောင်းတစ်ယောက်၏ ပညာ အရည်အချင်းနှင့် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော စိတ်စေတနာတို့ အပေါ်တွင် တပည့်များ၏ဘဝများ အကောင်းအဆိုးသည် တည်မှီနေ ပါသည်။ ဆရာကောင်းတို့ရှိမှသာ တိုင်းပြည်၏အနာဂတ်ကို ပခုံးပြောင်း တာဝန်ယူကြမည့် လူငယ်တို့ ပညာပြည့်ဝနှလုံးလှကြကာ နိုင်ငံနှင့် လူမျိုးအကျိုးကို အားကြိုးမာန်တက်ထမ်းရွက်နိုင်ကြပြီး နိုင်ငံ၏အလှ၊ နိုင်ငံ၏ဂုဏ်ကို ဖော်ဆောင်နိုင်ကြမည်ဖြစ်ပါသည်။ ဆရာ၊ ဆရာမ များအနေဖြင့် တပည့်များကို ကောင်းစွာပြုစုပျိုးထောင်နိုင်ကြပြီး မိမိထက်တော်သည့်၊ တတ်သည့်တပည့်များကို မွေးထုတ်ပေးနိုင်ကြ မှသာ ၎င်းတို့အပါအဝင် တိုင်းပြည်နှင့်လူမျိုးတို့၏အနာဂတ် ပို၍လှပ မည်ဖြစ်ပါသည်။ ယနေ့ခေတ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ဖွံ့ဖြိုးမှုအပေါ်တွင် တည်မှီလျက်ရှိသည်ဆိုသည့်အချက်ကို အားလုံး အသိပင်ဖြစ်ပါသည်။ နိုင်ငံ၏ အရွယ်အစားကြီးခြင်း၊ ငယ်ခြင်းထက် ထိုနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးအပေါ်မူတည်ပြီး ပညာရေးအဆင့်အတန်းမြင့်မားသော နိုင်ငံသည် ပိုမိုဖွံ့ဖြိုးတိုးတက်ကြ သည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဆရာများသည် တပည့်များကို ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့်ပြည့်စုံသူများ ဖြစ်လာစေရန် သင်ကြားပြသပေးရသူများလည်း ဖြစ်ကြပါသည်။ တာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် စိတ်ဓာတ်ရှိသူများ၊ ပူးပေါင်းဆောင်ရွက်တတ်သူများ ဖြစ်လာစေရန်လည်း သင်ကြားပေး ကြရပါသည်။ “ဆရာကောင်းတပည့် ပန်းကောင်းပန်” ဆိုရိုးစကားနှင့် အညီ ဆရာကောင်း၏ တပည့်သည် အရည်အချင်းပြည့်ဝကာ လူပုံ အလယ်၌ တင့်တယ်စေနိုင်ပါသည်။ ဆရာများသည် မိမိတို့၏တပည့် များကို ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ပျိုးထောင် ကာ ဆန်းစစ်ဝေဖန်တတ်စေရန်၊ ပြဿနာဖြေရှင်းတတ်စေရန်၊ စဉ်းစား တွေးခေါ်တတ်စေရန်၊ တီထွင်ဖန်တီးတတ်စေရန် လေ့ကျင့်ပေးကြရ သည့်အပြင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ကိန်းအောင်းလာစေရန် ပြုစုပျိုးထောင်ပေးကြရပါသည်။ ကျောင်းနေအရွယ်ကလေးတိုင်း အခြေခံပညာရေးကို ပြီးဆုံးသည် အထိ သင်ယူတတ်မြောက်စေရန်၊ အနည်းဆုံး KG+9 ပြီးမြောက်စေ ရန်၊ တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိပြီး ဗလငါးတန် နှင့် ပြည့်စုံသူများဖြစ်ရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့် အရေးစံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာတတ်သည့် တာဝန် သိစိတ်၊ တာဝန်ယူစိတ်ရှိသူများဖြစ်စေရန်၊ အမြင်ကျယ်မှုရှိပြီး စူးစမ်း ရှာဖွေလေ့လာလိုသော စိတ်ဓာတ်နှင့် ပူးပေါင်းတီထွင်ကြံဆ ဆောင်ရွက် တတ်သူများဖြစ်စေရန်၊ လူတစ်ဦးချင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းလိုက် ဖြစ်စေ မတူကွဲပြားမှုများကို နားလည်လက်ခံပြီး တန်းတူညီမျှမှုကို တန်ဖိုးထားလေးစားကာ ငြိမ်းချမ်းရေးအခြေခံအသိများနှင့် လက်တွေ့ ကျင့်သုံးနေထိုင်တတ်သူများ ဖြစ်စေရန်စသည့် အခြေခံပညာရေး ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် အကောင်အထည် ဖော်ရာတွင် ဆရာများ၏ အခန်းကဏ္ဍသည် အဓိကကျလှပါသည်။ တပည့်များ၏ ပညာရေးတွင်သာမက လူမှုဆိုင်ရာပြဿနာများ၊ အခက်အခဲအကျပ်အတည်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီ ဖြေရှင်းပေးနိုင်မည့် ဆရာများကို အရည်အချင်းပြည့်ဝစေရေးအတွက် လေ့ကျင့်သင်ကြားပေးနိုင်ရန် အထူးလိုအပ်ပါသည်။ သို့ဖြစ်၍ သင်ကြား ရေးအထောက်အကူပြု မွမ်းမံသင်တန်းများ၊ ပညာရေး စီမံအုပ်ချုပ်မှု သင်တန်းများ ဖွင့်လှစ်ကာသင်ကြား၊ စီမံအရည်အသွေးများ မြှင့်တင် လေ့ကျင့်ပေးလျက်ရှိပါသည်။ ဆရာ ဆရာမများကိုယ်တိုင်လည်း နေ့စဉ်မပြတ်သင်ကြားရင်း သင်ယူ၊ သင်ယူရင်း သင်ကြားနေကြမည်မှာ အမှန်ပင်ဖြစ်ပါသည်။ သာယာဝပြောပြီး ငြိမ်းချမ်းသော အနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ရန် ထူးချွန်ထက်မြက်ပြီး ပညာတတ်သော ဗလငါးတန် နှင့် ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များစွာ လိုအပ် လျက် ရှိနေပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသော စကားနှင့်အညီ စိတ်ဓာတ်နှင့်စည်းကမ်းကောင်းမွန်ပြီး ပညာတတ်သောလူငယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်အတွက် ပညာပြည့်ဝနှလုံးလှသည့် ဆရာကောင်းဆရာမြတ်များ လိုအပ်လျက် ရှိနေပါသည်။ ထို့အတွက်ကြောင့် “The teachers we need for the education we want: The global imperative to reverse the teacher shortage” ဟူသော ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဦးတည်ချက်နှင့်အညီ ကျွန်ုပ်တို့ မျှော်မှန်းသော ပညာရေးအတွက် လိုအပ်သောဆရာများ ဖြည့်ဆည်း နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် ယနေ့ကျရောက်သော ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်အခါသမယ၌ အလေးအနက်ထား တိုက်တွန်းအပ်ပါသည်။