ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသဘောထားထုတ်ပြန်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ
သဘောထားထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်


၁။ ၂၁-၁-၂၀၂၄ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊  စံဖူးကျေးရွာ၌ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်  (PNLO)  ယူနီဖောင်းဝတ်ဆင်သူများ  သယ်ဆောင်လာသည့် တရားမဝင် လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိသည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ PNLO အနေဖြင့် လက်နက်ခဲယမ်းများ သယ်ဆောင်ခြင်းသည် NCA ပါ သဘောတူညီချက်များနှင့်ဆန့်ကျင်ပြီး  ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေသဖြင့် NCA ပါ သဘောတူညီချက်များအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး လက်အောက်ခံအဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်များအား အထူးအလေး ထား စစ်ဆေးကြပ်မတ် ထိန်းသိမ်းပါရန် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ၂၃-၁-၂၀၂၄ ရက်တွင် PNLO အဖွဲ့ထံ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရှေးရှုလျက် သတိပေးအကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။


၂။  ယခုအခါ PNLO အဖွဲ့သည် လူမှုကွန်ရက်မီဒီယာများ၌ ၂၆-၁-၂၀၂၄ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့ ရာ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းခြင်းဟူသော NCA ၏ အခြေခံမူကိုမျက်ကွယ်ပြု၍ ပဋိပက္ခကို ဦးတည်သည့် သဘောထား ရပ်တည်ချက်များ၊ အစိုးရဆန့်ကျင် လှုပ်ရှားမှုများကို အားပေးထောက်ခံသည့် ရေးသားဖော်ပြချက်များ ထုတ်ပြန်ထားကြောင်း စိစစ်တွေ့ရှိရပါ သည်။  


၃။  PNLO အဖွဲ့အနေဖြင့် ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ  မျှော်တွေးသုံးသပ်ပြီး   နိုင်ငံရေး လိုလားချက်များကို  တွေ့ဆုံဆွေးနွေး  ညှိနှိုင်းအဖြေရှာခြင်းဖြင့် NCA ကို အခြေခံသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးအထောက်အကူပြု  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရနှင့်အတူ ဆက်လက်လက်တွဲဖော်ဆောင်ပါရန် ငြိမ်းချမ်းရေးရည်သန်စိတ်ဖြင့် အလေးအနက်ထား တိုက်တွန်းပါ သည်။


၄။ နိုင်ငံတော်အစိုးရသည် တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းဖြင့် အဖြေရှာရန်  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး ကောင်းမွန်သောရလဒ်များနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘုံသဘောတူ ညီချက်များ   ရရှိခဲ့သည့်အပြင်  ယခုအချိန်ထိ   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံဆွေးနွေးရန် လမ်းဖွင့်ထားဆဲဖြစ်ပါသည်။


၅။  ထိပ်တိုက်ရင်ဆိုင်သည့် နည်းလမ်းကို ရှောင်ဖယ်၍ မိမိတို့၏ သဘောထားဆန္ဒ၊  လိုလားချက်များကို ငြိမ်းချမ်းရေးစားပွဲဝိုင်း၌  တွေ့ဆုံဆွေးနွေး  ညှိနှိုင်းခြင်းသည်သာလျှင်   လမ်းကြောင်းမှန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

 
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု          

ညှိနှိုင်းရေးကော်မတီ