ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

================================================

နေပြည်တော် ဒီဇင်ဘာ ၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း သည် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံ နိပွန်ဖောင် ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါနှင့် အထူးကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်အနက် ၂၇ သန်းကျော် မဲလာပေးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၇၁ ရာခိုင်နှုန်းကျော် ရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့သည့် အတွက် ကော်မရှင်၏ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက် မှုများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ မဲပေးမှုရာခိုင်နှုန်းသည် ၇၁ ရာခိုင်နှုန်းကျော်ရှိသည့်အတွက် နိုင်ငံတကာတွင် မဲပေးမှုရာခိုင်နှုန်း အလွန်ကောင်းမွန်သည့်အနေအထားတွင် ရှိပါကြောင်း၊ ဂျပန်နိုင်ငံမှ လှူဒါန်းခဲ့သည့် မင်ဘူးများသည် ကြာရှည်ခံသည့်အတွက် ဝမ်းသာပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို လေ့လာရာတွင် စနစ်တကျဆောင်ရွက် ထားမှု၊ မဲဆန္ဒရှင်ပြည်သူများ စနစ်တကျမဲပေးခဲ့မှုနှင့် မဲရေတွက်ခြင်းအပိုင်းများတွင် စနစ်တကျဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်