
တာချီလိတ် ဇွန် ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေ ၈ ရက်တွင် မှတ်ပုံတင်ခွင့် ရရှိပြီးဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ် အာခါ ဈေးလမ်း အမှတ် (၂၈၁)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထား ရှိသော အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဌာနချုပ်မှ နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ယနေ့တွင် နယ်မြေခံတပ်ဧည့်ရိပ်သာ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ပါတီလုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီနာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ထားသော ပါတီဝင်အင်အား ၁၀၀၀ ပြည့်မီရေး၊ ရက်ပေါင်း ၁၈၀ အတွင်း ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ငါးမြို့နယ်၌ ပါတီရုံးခန်းဖွင့်လှစ်ရန်၊ ပါတီအလံနှင့် ဆိုင်းဘုတ်များ ကို သတ်မှတ်ချက်နှင့်အညီ စနစ်တကျလိုက်နာ ဆောင်ရွက်သွားရန် ပါတီ၏ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများကို ညွှန်ကြားချက်နှင့်အညီ ရေးဆွဲ ဆောင်ရွက်သွားရန် ပါတီဝင်များ ကိုင်ဆောင်ထား သည့် သုံးခေါက်ချိုး အမျိုးသား မှတ်ပုံတင် ကတ်ပြားများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် အစားထိုးလဲလှယ်နိုင်ရေး သက်ဆိုင်ရာလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်သွားရန်၊ အချိုးကျ ကိုယ်စား ပြုစနစ် (PR)ဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် မိမိပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး ပြည်နယ်ဥပဒေ ပြုရေးနှင့်အုပ်ချုပ်ရေးကဏ္ဍများတွင် ပါဝင်ခွင့်ရရှိရေး ကြိုးစားဆောင်ရွက်သွားရန် ပြောကြားသည်။
ယင်းနောက် ပါတီတာဝန်ရှိသူများက ပါတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ပြန်လည် ရှင်းလင်းတင်ပြကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦး၊ ဦးခင်မောင်ဦးနှင့် အာခါ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ နာယက ဦးမင်းညို၊ ဥက္ကဋ္ဌ ဦးထွန်းအောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
သတင်းစဉ်