ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၏ ရွေးကောက်ပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  ၂၅  ရက်

၁။    ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ ပြည်ထောင်စုနယ်မြေ မြို့နယ် ၈ မြို့နယ်၊ ရခိုင်ပြည်နယ် မြို့နယ်  ၈ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်တို့၏  မဲစာရင်းများကို တစ်မြို့နယ်ချင်းအလိုက် အသေးစိတ်စိစစ်ခဲ့ပြီး မြို့နယ်အသီးသီးရှိ မဲရုံ တစ်ခုချင်းအလိုက်  မဲပေးခဲ့မှုအခြေအနေများနှင့် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ် အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊    မြို့နယ်အုပ်ချုပ်ရေးမှူးများ၊   သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်အတူ မြေပြင်ဖွင့်ဖောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး/ မဲရုံအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 


၂။    ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စု နယ်မြေ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌ အောက်ပါအတိုင်း ပါဝင်ယှဉ်ပြိုင်/ ဆန္ဒမဲပေးခဲ့ကြ ပါသည်- 
    (က)    မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၉ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး  မဲရုံပေါင်း ၅၄၄၇ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၄၉၄၁၄၇၁ ဦး ရှိသည့်အနက် ၃၈၇၀၃၃၄  ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၈.၃၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။
    ( ခ )    ပြည်ထောင်စုနယ်မြေ မြို့နယ် ၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး  မဲရုံပေါင်း ၆၄၆ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၉၀၆၂၂၆ ဦး ရှိသည့်အနက် ၆၉၁၀၅၄  ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၇၆.၂၆ ရာခိုင်နှုန်းရှိခဲ့ပါသည်။    
    ( ဂ )    ရခိုင်ပြည်နယ်  မြို့နယ် ၈ မြို့နယ်တွင် နိုင်ငံရေးပါတီ ၁၁ ပါတီ ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၇၈၄ ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း ၄၇၇၉၅၇ ဦးရှိသည့်အနက် ၃၂၉၂၆၄ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၈.၈၉ ရာခိုင်နှုန်း ရှိခဲ့ပါသည်။
    (ဃ)    ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်တွင် နိုင်ငံရေးပါတီ ၄၂ ပါတီ ကိုယ်စားပြုလွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး မဲရုံပေါင်း ၅၈၀၉ ရုံတွင် မဲဆန္ဒရှင်စုစုပေါင်း ၆၁၃၇၀၄၇ ဦး ရှိသည့်အနက် ၄၁၈၈၂၄၉ ဦး မဲပေးခဲ့ကြသဖြင့် မဲပေးမှုရာခိုင်နှုန်း ၆၈.၂၅ ရာခိုင်နှုန်းရှိခဲ့ပါသည်။

 


၃။    မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၏  ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၄၉၄၁၄၇၁ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၄၂၈၇၆၀၉ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၃၈၈၂၈၂ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင် နေသူများမှာ ၃၈၀၉၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၅၁၆၇၇၆  ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၂၁၇၆၆၈ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၃၁၅၁ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၁၂၃၉ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

 

၄။    မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွင် မဲရုံပေါင်း ၅၄၄၇ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၅၄၆၇၈၈၄ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၃၇၉၂၃၄၇ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၁၆၇၅၅၃၇ ၊ မြေပြင်လက်ကျန် ၁၅၀၇၇၇၈ ဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ် အရေအတွက် ၂၂၁၅၄၆ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၅၃၇၈၇  ဖြစ်သည်။

 

၅။    ပြည်ထောင်စုနယ်မြေ မြို့နယ် ၈  မြို့နယ်၏  ယခင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၉၀၆၂၂၆  ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလစာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၇၀၃၅၄၆ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၁၀၈၃၃၃ ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင် နေသူများမှာ ၆၉၀၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၇၆၂၂၂  ဦး၊ ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ် အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း(Cross Check)အရ မဲစာရင်းထပ်နေသူ ၃၈၆၉၀ ဦး၊ အသက် ၁၀၀ နှစ် အထက် မဲစာရင်းတွင် ပါဝင်နေသူ ၂၈၉ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၃၁၄ ဦး ဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။

 

၆။    ပြည်ထောင်စုနယ်မြေ မြို့နယ် ၈ မြို့နယ်တွင် မဲရုံပေါင်း ၆၄၆ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲ လက်မှတ်အရေအတွက်မှာ ၉၉၄၇၅၁ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၆၈၇၉၀၃၊ ကျန်ရှိရမည့်အရေအတွက်မှာ ၃၀၆၈၄၈၊ မြေပြင်လက်ကျန် ၂၉၁၅၀၉ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက်အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသောမဲလက်မှတ်အရေအတွက် ၁၆၉၀၀ ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၁၅၆၁  ဖြစ်သည်။

 


၇။    ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်၏  ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင် စာရင်းမှာ ၄၇၇၉၅၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမှာ ၆၃၀၀၅၂ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၇၅၇၃ ဦး၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၄၁၀၁  ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၄၇၇၁၂ ဦး၊ ပြည်နယ်အတွင်း မြို့နယ်အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၃၅၉၈ ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင် ပါဝင်နေသူ ၃၄၁ ဦး၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၂၂၃  ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

 


၈။    ရခိုင်ပြည်နယ် မြို့နယ် ၈ မြို့နယ်တွင် မဲရုံပေါင်း ၇၈၄ ရုံ၊ စုစုပေါင်း ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ် အရေအတွက်မှာ ၈၅၇၃၂၁ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၃၂၈၉၁၈ ၊ ကျန်ရှိရမည့် အရေအတွက်မှာ ၅၂၈၄၀၃ ၊ မြေပြင်လက်ကျန် ၅၂၂၅၀၂ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။ ကွာခြားချက် အနေဖြင့် ကျန်ရှိရမည့်အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၉၇၃၈ ဖြစ်ပြီး အပို တွေ့ရှိရသော မဲလက်မှတ် အရေအတွက်မှာ ၃၈၃၇ ဖြစ်သည်။     

 


၉။    ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်၏ ယခင်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းမှာ ၆၁၃၇၀၄၇ ဦး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ စာရင်းအရ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများမှာ ၃၉၇၉၆၉၅ ဦး ဖြစ်သည်။ မဲဆန္ဒရှင်စာရင်းများတွင် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ လက်မှတ်မရှိသူများမှာ ၇၄၇၁၃၈ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် တစ်ခုတည်းဖြင့် မဲစာရင်းတွင် ၃ ကြိမ်နှင့်အထက် ပါဝင်နေသူများမှာ ၁၁၀၇၀ ဦး၊ ၂ ကြိမ် ပါဝင်နေသူများမှာ ၂၆၉၄၁၂ ဦး၊ တိုင်းဒေသကြီးအတွင်း မြို့နယ် အချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း (Cross Check)အရ မဲစာရင်းထပ်နေသူ ၄၀၅၃၆၆  ဦး၊ အသက် ၁၀၀ နှစ်အထက် မဲစာရင်းတွင်ပါဝင်နေသူ ၂၂၂၂ ဦး၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် အသက် ၁၈ နှစ် မပြည့်ဘဲ မဲစာရင်း၌ ပါဝင်နေသူ ၁၉၀၉ ဦး ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

 


၁၀။    ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅  မြို့နယ်တွင် မဲရုံပေါင်း ၅၈၀၉ ရုံ၊ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၆၆၈၉၂၇၀ ဖြစ်ပြီး မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၄၀၈၅၆၈၆ ၊ ကျန်ရှိရမည့်အရေအတွက်မှာ ၂၆၀၃၅၈၄ ၊ မြေပြင်လက်ကျန် ၂၃၃၇၁၅၀ ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။    ကွာခြားချက်အနေဖြင့်   ကျန်ရှိရမည့် အရေအတွက်ထက် လျော့နည်းသော မဲလက်မှတ်အရေအတွက် ၃၅၇၉၃၇  ဖြစ်ပြီး အပိုတွေ့ရှိရသော မဲလက်မှတ်အရေအတွက်မှာ ၉၁၅၀၃  ဖြစ်သည်။      

 


 ၁၁။    မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့၌  မဲဆန္ဒရှင်စာရင်းများနှင့် ပြည်သူ့လွှတ်တော် ဆန္ဒမဲလက်မှတ်များ မြေပြင်စစ်ဆေးတွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်-


၁၂။    ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က   ၁၇- ၁၁- ၂၀၁၇  ရက်စွဲပါ ကြေညာချက်အမှတ် (၃၂/ ၂၀၁၇) ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။    ယင်းနောက်    ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၄- ၁၂- ၂၀၁၇ ရက်စွဲပါ ကြေညာချက်အမှတ်(၃၃/၂၀၁၇)နှင့်  ၆-၁၂-၂၀၁၇ ရက်စွဲပါကြေညာချက် အမှတ်(၃၄/၂၀၁၇)တို့ ဖြင့် တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွင် NLD ပါတီ အမာခံများ ထည့်သွင်း၍  ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း ကြေညာချက်များကို ထပ်မံထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ကြေညာချက်များတွင် တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များမှ ခန့်အပ်လိုသူများအား ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

 


၁၃။    ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၄- ၈- ၂၀၂၀ ရက်စွဲပါစာအမှတ်၊ ၇ / ၄၆၄- အထွေထွေ/ အဖရ(၂၀၂၀) ဖြင့် ညွှန်ကြားချက်အရ တိုင်းဒေသကြီး/ ပြည်နယ်ဝန်ကြီးချုပ်များ ဦးဆောင်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ရာ ယင်းအဖွဲ့ကြောင့်ပင် လူဦးရေစာရင်းများ ထပ်ကာ မဲဆန္ဒရှင်စာရင်းများ ၂ ကြိမ်၊ ၃ ကြိမ် နှင့်အထက် ပါဝင်မှုများဖြစ်ပွားခဲ့ရကြောင်း စိစစ်တွေ့ရှိရသည်။ ယင်းအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လူဦးရေစာရင်းများ ကျန်ရှိသေး ကြောင်း ထပ်မံပေးပို့လာသည့် စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများအနေဖြင့် မဲဆန္ဒရှင်စာရင်းများတွင် ထပ်မံထည့်သွင်းခဲ့ရကြောင်း တွေ့ရှိရသည်။ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (ရပ်ကွက်/ကျေးရွာအုပ်စု)တို့မှ အောက်ခြေတွင် သေချာစွာစိစစ်ခြင်းမရှိဘဲ ထပ်မံပေးပို့လာသည့် လူဦးရေစာရင်းများကြောင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီးသူများ ထပ်မံပါဝင်လာသဖြင့် မဲစာရင်းများ ဖောင်းပွခြင်း၊ ထပ်ခြင်းများဖြစ်ပေါ်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

 


၁၄။    မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ၊ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မဲစာရင်းများပြုစုရန်အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး များက ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့က အဓိကဆောင်ရွက်ခဲ့သည်။ မဲဆန္ဒရှင်စာရင်းများ မြေပြင်ကောက်ယူရာတွင် NLD အစိုးရက ခန့်အပ်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး များနှင့် အချို့နေရာများတွင် NLD ပါတီ၏ အောင်နိုင်ရေးအဖွဲ့များ ပူးပေါင်းကောက်ယူကြောင်း စိစစ်သိရှိရ သည်။ ယင်းသို့ စာရင်းများ ကောက်ယူရာတွင် ရပ်ကွက်/ ကျေးရွာအတွင်း အမှန်တကယ် နေထိုင်ခြင်း ရှိ/မရှိ၊ နိုင်ငံသား စိစစ်ရေးကတ် ရှိ/ မရှိ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေအရ မဲပေး ပိုင်ခွင့်ရှိသူ ဟုတ်/ မဟုတ် စိစစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မဲစာရင်းတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက် အပြုံလိုက်ပါဝင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် မဲစာရင်း ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် ပါဝင်နေခြင်းတို့ကို စိစစ်တွေ့ရှိရသည်။ သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ အခန်း(၆) မဲစာရင်း ပြုစုခြင်းပါ ပုဒ်မ ၁၅(ဂ)တွင် “မဲဆန္ဒနယ်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မည်သူမဆို သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မဲစာရင်းတစ်ခုမှအပ အခြားမဲဆန္ဒနယ်၏ မဲစာရင်းများ၌ တစ်ချိန်တည်းတွင် အမည်စာရင်းပါဝင်ခြင်း မရှိစေရ”ဟု ပြဋ္ဌာန်းထားသော်လည်း မဲစာရင်းများကောက်ယူရာတွင် ဥပဒေနှင့် ညီညွတ်ခြင်းမရှိသော မှားယွင်းမှုများကိုတွေ့ရှိရသည်။ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၉(ခ)အရ မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်ကြောင်း တွေ့ရှိလျှင် ထိုအမည်များကို မဲစာရင်းမှပယ်ဖျက်ရမည် ဟု ပြဋ္ဌာန်းထား သော်လည်း ပယ်ဖျက်ခြင်းမရှိဘဲ ထည့်သွင်းမဲပေးခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။

 


၁၅။    အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန်အတွက်  ရွေးကောက်ပွဲနေ့  မတိုင်မီ  ၂၉-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ဆောင်ရွက်နိုင်ကြောင်း ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်ခဲ့သည့်အတွက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် အချို့နေရာများ၌ NLD ပါတီ အောင်နိုင်ရေးအဖွဲ့များပါဝင်၍ နေအိမ်များသို့ သွားရောက်ကာ ဆောင်ရွက်ခဲ့ကြသဖြင့် ဥပဒေနှင့် မညီသော မဲပေးမှုဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။ ကိုဗစ်-၁၉ ရောဂါနှင့်စပ်လျဉ်း၍ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်အရ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်းမပြုနိုင်သည့် မဲဆန္ဒရှင်များ  ကြိုတင်ဆန္ဒမဲ ပေးရန် အသိပေးကြေညာချက်ကို ၈- ၁၀- ၂၀၂၀ ရက်နေ့နှင့် ညွှန်ကြားချက်ကို ၁၁- ၁၀- ၂၀၂၀ ရက်နေ့တို့တွင် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာဆောင်ရွက်ခဲ့သည်။ ယင်းညွှန်ကြားချက် များကြောင့် မဲစာရင်းများထပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ အစုလိုက်အပြုံလိုက် မဲစာရင်းတွင် ထည့်သွင်း၍ မဲပေးခဲ့ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်။ 

 


၁၆။    မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါတွင် နိုင်ငံသားစိစစ်ရေးကတ်မရှိသူ မဲဆန္ဒရှင်များ မဲပေးခွင့်ရရှိရေး အတွက် ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က  ၁၉- ၈- ၂၀၂၀ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်၍ ဆောင်ရွက်ခဲ့သဖြင့် မဲရုံများတွင် နိုင်ငံသားစိစစ်ရေးကတ် စိစစ်မှုမပြုနိုင်သော မဲဆန္ဒရှင် သက်သေခံလက်မှတ်များဖြင့် မဲပေးခဲ့ခြင်းကြောင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် ညီညွတ်မှုမရှိသော နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ မဲပေးခွင့်ပြုခဲ့ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် တစ်ခုတည်းဖြင့် ၂ ကြိမ်၊ ၃ ကြိမ်နှင့်အထက် မဲစာရင်းတွင်ပါဝင်သူများ မဲပေးခွင့်ရရှိခဲ့ကြသဖြင့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ဖောက်ဖျက်မှုများရှိခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ အသုံးပြုခဲ့သည့် ဆန္ဒပြုအမှန်ခြစ် တံဆိပ်တုံးများ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရာတွင် UEC တံဆိပ်မပါရှိသည့် အမှန်ခြစ်တံဆိပ်တုံး ရိုက်နှိပ်ထားသော မဲလက်မှတ်များကို   တွေ့ရှိပါကလည်း  ခိုင်လုံမဲအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့ခြင်းသည် မဲရေတွက်မှုများတွင် ရှုပ်ထွေးမှုများကို ဖြစ်ပေါ်စေခဲ့သဖြင့် မဲရလဒ်များ မှန်ကန်မျှတမှုမရှိကြောင်း  စိစစ်တွေ့ရှိ ရပါသည်။    

 


၁၇။    မဲစာရင်းများ အရေအတွက်များပြားစွာ မဲရုံတိုင်း၌ မှားယွင်းမှုများ ဖြစ်ပေါ်ရခြင်းသည် မတော်တဆ ဖြစ်ပေါ်ခဲ့သော မှားယွင်းမှုမျိုး မဟုတ်ဘဲ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းကြောင့်သာ ဖြစ်ကြောင်း စိစစ် တွေ့ရှိရသည်။ ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းခြင်း၊ မဲစာရင်းကောက်ယူခြင်း၊ မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းခြင်း၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရွေးကောက်ပွဲနေ့ ဆန္ဒမဲပေးခြင်း စသည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်တွင် NLD ပါတီအနေဖြင့် အုပ်ချုပ်ရေးအာဏာကို အလွဲသုံးစားပြုလုပ်၍ ဝင်ရောက် စွက်ဖက် မလျော်ဩဇာအသုံးပြုကာ မသမာမှုများဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည့်အပြင် အခြားနိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ မဲဆွယ်စည်းရုံးရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများအားလုံးကို COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်/တားမြစ်ချက်ကို အလွဲသုံး၍လည်းကောင်း၊ အုပ်ချုပ်ရေးအာဏာကို အလွဲသုံး၍လည်းကောင်း ကန့်သတ်ထိန်းချုပ်၍ နိုင်ငံတော်အာဏာကို မတရားရယူ နိုင်ရန် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်း၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း တရားဝင်အပ်နှင်းထားသော  လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ ဥပဒေ၊ နည်းဥပဒေများကို ကျော်လွန် ဖောက်ဖျက်ဆောင်ရွက်ခဲ့ခြင်းတို့ကို စိစစ်တွေ့ရှိရသည်။


၁၈။    အထက်ပါ စစ်ဆေးတွေ့ရှိချက်များအရ  မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ၊ ရခိုင်ပြည်နယ် နှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ/ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည်ကို စိစစ်တွေ့ရှိရသည့်အပြင် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ပေါ်လွင်ထင်ရှားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်၊ ပြည်ထောင်စုနယ်မြေ မြို့နယ် ၈ မြို့နယ်၊ ရခိုင်ပြည်နယ် မြို့နယ်   ၈ မြို့နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၄၅ မြို့နယ်တို့၏   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တို့အတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များအတွင်း တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ခဲ့သော ရွေးကောက်ပွဲရလဒ်များကို ဥပဒေနှင့်အညီ ပယ်ဖျက်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်