
နေပြည်တော် ဖေဖော်ဝါရီ ၁၅
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း ၌ ခင်းကျင်းပြသထားသည့်အပြင် တိုင်းရင်းသားရိုးရာ အစားအစာများကို လည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ ဂုဏ်ပြုယာဉ် များနှင့်အတူ ပါဝင်ကပြဖျော်ဖြေခဲ့ကြ သည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာ အစား အစာရောင်းချသူများ၊ လာရောက် လေ့လာကြည့်ရှုကြသည့် ပြည်သူများ၊ ဂုဏ်ပြုယာဉ် တာဝန်ခံများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို ဖော်ပြ လိုက်ပါသည်။
ဦးစိုးပိုင်မြင့် ( လူမှုရေးရာဝန်ကြီး ၊
မကွေးတိုင်းဒေသကြီး)
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စု နေ့ အခမ်းအနားမှာ တိုင်းဒေသကြီး ဂုဏ်ပြုယာဉ်နဲ့အတူ ရိုးရာယဉ်ကျေးမှု အဖွဲ့တွေက လှသောအညာမြေသီချင်းနဲ့ ပါဝင် ဖျော်ဖြေခဲ့ပါတယ်။ ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဂုဏ်ပြုယာဉ် ၄၆ စီးထဲမှာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးက ပထဆုရရှိတဲ့ အတွက် တိုင်းဒေသကြီးရဲ့ ဂုဏ်ကိုဆောင် နိုင်ခဲ့လို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိ ပါတယ်။ မကွေးတိုင်းဒေသကြီးဟာ နိုင်ငံရဲ့ အားကိုးရတဲ့ ရေနံတွင်းတွေ ပေါများတဲ့ အတွက် ရေနံမြေဒေသလို့လည်း ပြောလို့ ရပါတယ်။ ဂုဏ်ပြုယာဉ် အမှတ် (၁) မှာ မကွေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ရေနံမြေတွေကို ကိုယ်စားပြုပြီး ရေနံတွင်း တူးစင်တွေ၊ ရေနံစင်တွေ၊ ရေနံကန်တွေကို ပြသထားတာဖြစ်ပါတယ်။
ဂုဏ်ပြုယာဉ် အမှတ်(၂) မှာ ဗုဒ္ဓ မြတ်စွာ ဘုရားရှင်ရဲ့ အထက်ခြေတော်ရာ၊ အောက်ခြေတော်ရာကို ပြသထားပြီး မန်းရွှေစက်တော်ဘုရားကြီးကို မြန်မာ နိုင်ငံအနှံ့ လှည့်လည်အပူဇော်ခံတဲ့အနေနဲ့ ယာဉ်ရဲ့ မုခ်ဦးအပိုင်းမှာ ဂုဏ်ပြုပူဇော် ထားပါတယ်။ မကွေးတိုင်းဟာ မြန်မာ နိုင်ငံရဲ့ ဆီအိုးကြီးဆိုတဲ့အတိုင်း ယာဉ်ရဲ့ ရှေ့ခန်းမှာ ဆီအိုးကြီးကိုလည်း ပြသ ထားပါတယ်။ ဆီအိုးကြီးရဲ့ အောက်ခြေမှာ တော့ မကွေးတိုင်းမှာရှိတဲ့ ခရိုင်ငါးခုပါတဲ့ မကွေးတိုင်းဒေသကြီး မြေပုံနဲ့ စလေရုပ်စုံ ကျောင်းက မြန်မာမှုအနုလက်ရာတွေကို ဖော်ပြထားပါတယ်။ ဘေးပတ်ပတ်လည် မှာတော့ ဒေသထွက်ကုန်တွေဖြစ်တဲ့ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းဝါ၊ မြေပဲ၊ နေကြာ၊ ဝါတို့ကို သရုပ်ဖော်ပြသထားပါ တယ်။ ကျွန်တော်တို့ဒေသက ဝါအထူး အထွက်တိုးအောင် စီမံဆောင်ရွက်နေ တာလည်း ဖြစ်ပါတယ်။ နိုင်ငံဘဏ္ဍာ မြန်မာ့ဝါနဲ့ချည်မျှင်ရှည်စိုက်ပျိုး တောင်သူ ဝင်ငွေတိုး ဆိုတဲ့အတိုင်း ယာဉ်ရဲ့ နောက်ပိုင်းမှာ ဝါတောင်းတွေ၊ ချည်မျှင် ရှည်ဝါတောင်းတွေကို ပုံဖော်ထားပါတယ်။ ယာဉ်ရဲ့ နောက်ပိုင်းမှာတော့ စက်မှု လုပ်ငန်းတွေမှာ ဆီကြိတ်စက်တွေနဲ့ ကြိတ်နေတာမှန်ပေမယ့် ရွာတွေမှာ ရိုးရာ ယဉ်ကျေးမှုအရ နွားနဲ့ကြိတ်တဲ့ ဆုံလည် တွေလည်း ရှိနေသေးတယ်ဆိုတာ သိချင် စေတဲ့အတွက် ပြသထားပါတယ်။ နောက်မှာတော့ ရက်ကန်းရက်တာ အစစ် ကို ဖော်ပြထားပါတယ်။ ဒီနေ့ ရက်ကန်း ရက်တာ လူနှစ်ယောက်စာပြီးသွားပါပြီ။
ဂုဏ်ပြုယာဉ် အမှတ်(၃)မှာ မကွေးတိုင်း ဒေသကြီးရဲ့ ရိုးရာတွေကို သရုပ်ဖော်ပြသ ထားတာဖြစ်တဲ့အတွက် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ဗိဿနိုး ပျူမြို့ဟောင်းဒေသကို ယာဉ်ရဲ့ မုခ်ဦးမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ တိုင်းဒေသ ကြီးထဲမှာရှိတဲ့ အထင်ကရနေရာတွေဖြစ် တဲ့ သမိုင်းဝင်မကွေးမြသလွန်ဘုရား၊ မင်းလှခံတပ်၊ ကွေ့ချောင်းခံတပ်ကိုလည်း ဖော်ပြထားပါတယ်။ ကမ္ဘာမှာကျော်ကြား ခဲ့တဲ့ မြိုင်ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ပြကွက်မှာတော့ မြေအိုးတွေနဲ့ထမင်းချက် တဲ့ပြကွက်၊ ကြက်ဖခွပ်တာတို့ကိုတော့ ရိုးရာယဉ်ကျေးမှုဓလေ့အနေနဲ့ ဖော်ပြ ထားတာဖြစ်ပါတယ်။
မောင်ခွန်ဘုန်းမြတ်သွင်
(စစ်ကိုင်းတိုင်းဒေသကြီး ယဉ်ကျေးမှုအဖွဲ့)
ကျွန်တော်တို့အဖွဲ့ကတော့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ အောင်လံတဝေဝေ ရွှေစစ်ကိုင်းဌာနေ သီချင်းနဲ့ ကပြဖျော်ဖြေပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဂုဏ်ဆောင်အနေနဲ့ အခုလို စိန်ရတုပြည်ထောင်စုနေ့ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆင်နွှဲခွင့်ရ လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ဆုံး ရက်ဖြစ်တဲ့အတွက် ဒီနေ့မှာ ဗျောအက အပြင် အရင်ရက်တွေက ကပြဖျော်ဖြေခဲ့ တာတွေနဲ့မတူတဲ့ ကွဲပြားခြားနားတဲ့ အကတွေနဲ့ ကပြဖျော်ဖြေတင်ဆက်သွား မှာပါ။ စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားတင်မကဘဲ ရတုအဆက်ဆက် ပါဝင်ဆင်နွှဲခွင့် ရချင်ပါတယ်။ ဒေသ အသီးသီးက တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ ဆုံဖို့ဆိုတာ မလွယ်ပါဘူး။ အခုလို တစ်နေရာတည်းမှာ တွေ့ရတဲ့ အတွက်ဝမ်းသာပါတယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဖော်ဆောင်ခွင့်ရတဲ့ အတွက်လည်း ပီတိဖြစ်မိပါတယ်။ ပြည်ထောင်စုဆိုတာ တောင်ပေါ်မြေပြန့် မခွဲခြားဘဲ တစ်ဦးပေါ်တစ်ဦး ချစ်ခြင်း မေတ္တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေ မရှိဘဲ စုပေါင်းနေထိုင်နိုင်တာကို ပြည်ထောင်စုစိတ်ဓာတ်လို့ ခံယူထားပါ တယ်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးကို ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီးနဲ့ နွေးနွေးထွေးထွေး ကြိုဆိုပေးကြတဲ့ အတွက်လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်။
မဥမ္မာမင်းခိုင်
( နေပြည်တော်လက်ဆောင်ပစ္စည်းဆိုင်)
ကျွန်မတို့ နေပြည်တော်လက်ဆောင် ပစ္စည်းဆိုင်မှာ နေပြည်တော်ဒေသထွက် တင် ရောင်းတာမဟုတ်ဘဲ ကျန်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဒေသ ထွက်ကုန်တွေလည်းပါ ပါတယ်။ အခု ရောင်းချပေးနေတဲ့ လက်ဆောင်ပစ္စည်း တွေကတော့ ပဲယို၊ ကတွတ်ယို၊ ပဲချောင်း၊ မြေပဲကြက်ဥ၊ မြေပဲစာဥ၊ မျှစ်ချဉ်၊ ဖရုံယို၊ ချင်းမန်ကျည်းဖလိပ်၊ ယို ကိုးမျိုး၊ ဝေဖာ ချောင်း၊ မုန့်ဩဇာ၊ ပုန်းရည်ကြီး၊ ကျောက် ဖရုံယို၊ မန်ကျည်းဖလိပ်၊ မုန့်ကြိုးလိမ် တို့ကို ရောင်းချပေးပါတယ်။ ရောင်းအား အကောင်းဆုံးကတော့ ယို ကိုးမျိုးပါ။ ဒီနေ့က ပွဲတော်နောက်ဆုံးရက်ဆိုတော့ လာရောက် ကြည့်ရှုတဲ့လူကလည်း များတော့ ယို ကိုးမျိုးက ရောင်းရတာ ကုန်သလောက်ဖြစ်နေပြီ။ မနေ့က နံနက် ပိုင်းပဲ ရောင်းအားနည်းပြီး သုံးရက် အတွင်းမှာ ညနေပိုင်းတွေကတော့ အများ ဆုံးရောင်းရပါတယ်။ အစက ဒီလောက် ရောင်းရမယ်လို့ မမျှော်မှန်းထားဘူး။ အခုထိ ၁၅ သိန်းဖိုးလောက် ရောင်းရ တယ်။ အခုလို တော်တော်များများ လာရောက် အားပေးကြတဲ့အတွက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။
ဦးဆန်းဝင်း
(ဒုတိယဆုရ ရှမ်းပြည်နယ်ဂုဏ်ပြုယာဉ်)
ကျွန်တော်တို့ ဂုဏ်ပြုယာဉ်အမှတ်(၁) မှာ ယာဉ်ရဲ့အရှေ့ပိုင်းမှာတော့ ရှမ်းပြည်နယ် မြေပုံကို ဖော်ပြထားပါတယ်။ နောက်ပိုင်း မှာတော့ ပြည်ထောင်စုစိတ်ဓာတ် သန္ဓေတည် မွေးဖွားရာ ပင်လုံကျောက်စာ တိုင်ကို ဖော်ပြထားပါတယ်။ နောက်ပြီး ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာရှိတဲ့ ဟိုက်ပါရေတံခွန်ကို သရုပ်ဖော်ပြထားပါ တယ်။ ဂုဏ်ပြုယာဉ်အမှတ် (၂) မှာတော့ ရှမ်းပြည်နယ်က ထွက်ရှိတဲ့ သီးနှံတွေကို ဖော်ပြထားပြီး ပြည်နယ်ရဲ့ အဓိက ထွက်ကုန်ဖြစ်တဲ့ ကွန်တိုလက်ဖက် စိုက်ခင်းကို သရုပ်ဖော်ပြသထားပါတယ်။ ဘေးဘက်မှာတော့ အာလူးခင်း၊ လက်ဖက် ခင်းတို့ကို ဗီနိုင်းနဲ့ သရုပ်ဖော်ပြသထား ပါတယ်။ ဂုဏ်ပြုယာဉ် အမှတ်(၃) မှာ တော့ ရှမ်းပြည်နယ်နဲ့ ရိုးရာအမွေအနှစ်တွေကိုဖော်ပြထားပါတယ်။ ရှေ့ပိုင်းမှာ ရှမ်းပြည်နယ်ရဲ့ သင်္ကေတဖြစ်တဲ့ ကိန္နရီ၊ ကိန္နရာရုပ်ကို သရုပ်ဖော်ပြသထားပြီး နောက်ပိုင်းမှာတော့ အင်းရိုးရာ ဆွမ်းပို့တဲ့ လှေနဲ့ ငါးဖမ်းလှေကို ပြသထားပါတယ်။ အလယ်မှာတော့ တောင်ကြီးတန်ဆောင် တိုင်မီးပုံးပျံပွဲတော်ကို ကိုယ်စားပြုပြီး မီးပုံး ပျံကို ဖော်ပြထားပါတယ်။ နောက်ပိုင်း မှာတော့ တောင်ကြီးမြို့ရဲ့ အထင်ကရ ဖြစ်တဲ့ တောင်ချွန်းကို ဖော်ပြထားပါ တယ်။ ရှမ်းပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်အနေနဲ့ စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားမှာ ရိုးရာ ယဉ်ကျေးမှု အဖွဲ့ဝင်တွေနဲ့အတူ နောင်အင်းလေးသီချင်းနဲ့ ပါဝင်ဆင်နွှဲခဲ့ပြီး ဒုတိယဆုကို ရရှိခဲ့ပါတယ်။ ဒုတိယဆုရရှိ တဲ့အတွက် ကျွန်တော်တို့ ရှမ်းပြည်နယ် အတွက် ဂုဏ်ယူပါတယ်။
ဒေါ်မြင့်အေး
(နန်းဩကျေးရွာ၊ ဇေယျာသီရိမြို့နယ်)
မနက်က ဥပုသ်စောင့်ပြီး ဂုဏ်ပြု ယာဉ်တွေကို ခင်းကျင်းပြသတာ နောက်ဆုံးရက်လို့ သိရတဲ့အတွက် အန်တီတို့အဖွဲ့ ၁၄ ယောက် လာရောက် ကြည့်ကြတာပါ။ အန်တီတို့က အသက် လည်းကြီးပြီဆိုတော့ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ မြို့တွေကို သွားရောက်လည်ပတ် ဖို့က မလွယ်တော့ အခုလို မြင်တွေ့ခွင့်ရ တာ ဝမ်းသာတယ်။ အသက် ၅၅ နှစ် အတွင်းမှာ ဒီလိုယာဉ်တွေကို ပထမဆုံး မြင်ဖူးတာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် က ကိုယ်မတွေ့ဖူး၊ မမြင်ဖူးတဲ့ အထင်ကရနေရာတွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို တစ်နေရာတည်းမှာ မြင်တွေ့ခွင့်ရလို့ ဗဟုသုတတွေလည်း ရပါတယ်။
ဦးစိုးအောင် (တတိယဆုရ
ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ်)
စိန်ရတုပြည်ထောင်စုနေ့ အခမ်း အနားမှာ ကျွန်တော်တို့ ဧရာဝတီတိုင်း ဒေသကြီး ဂုဏ်ပြုယာဉ်အနေနဲ့ မမ ပုသိမ်သူ သီချင်းနဲ့ ကပြဖျော်ဖြေခဲ့ပါတယ်။ ဂုဏ်ပြုယာဉ်တွေကို ကွင်းကြီးထဲမှာ နေ့မနား ညမအား နေပူခံ ၊ အအေးခံပြီး တည်ဆောက်ရေးလုပ်ငန်း၊ တပ်ဆင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရပေမယ့် တတိယဆုရရှိတဲ့အတွက် အဲဒီအမော တွေအားလုံး ပြေရပါတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီး ဂုဏ်ပြုယာဉ် သုံးစီးထဲကမှ အမှတ်(၁) ယာဉ်ကတော့ အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ ရှေးဟောင်းသမိုင်းဝင် မော်တင်စွန်းဘုရားကို ဒေသရဲ့အထိမ်း အမှတ်အဖြစ် ဖော်ပြထားပါတယ်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်နေတဲ့ ငွေဆောင်၊ ချောင်းသာ၊ ကမ်းသာယာ၊ ဂေါ်ရင်ဂျီကျွန်းတို့ရဲ့ ကမ်းခြေအလှ တို့ကို ဖော်ဆောင်ပြသထားပါတယ်။ အမှတ်(၂) ယာဉ်မှာဆိုရင် စပါးရိတ်သိမ်းနေတဲ့ တောင်သူကြီးလင်မယားပုံနဲ့ နောက်မှာ တော့ ခေတ်မီတဲ့ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုပြီး ထွက်လာတဲ့ စပါးတွေကို ခေတ်မီဆန်စက်ကြီးတွေနဲ့ ထုတ်လုပ်ကာ နိုင်ငံခြား တင်ပို့တဲ့ ဆန်တွေအဖြစ် အထူးပြု သရုပ်ဖော်ပြသထားပါတယ်။ အမှတ်(၃) ယာဉ်မှာ ဧရာဝတီတိုင်းဒေသကြီး က ထွက်ရှိတဲ့ ရှေးနှစ်ပေါင်း များစွာက အထင်ကရဖြစ်တဲ့ ပုသိမ်ထီး၊ ပုသိမ် ဟာလဝါတို့ကို ဖော်ပြထားပါတယ်။ ထွက်ကုန်တွေအပေါ်မူတည် ပြီးတော့ ယိမ်းအကနဲ့အတူ ပုသိမ်ထီး အကြီးတွေ၊ အသေးတွေနဲ့ ပုသိမ်ဟာလဝါတွေ၊ တိုင်းဒေသကြီးရဲ့ ထွက်ကုန်ပစ္စည်း တွေကို သရုပ်ဖော်ပြသထားပါတယ်။
တွေ့ဆုံမေးမြန်း- မျိုးဆက်သစ် ဓာတ်ပုံ- ကိုထိန်အေး