
နေပြည်တော် မတ် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဧပြီ ၂ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ တပ်ကုန်း သုတေသနခြံ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် စားသုံးဆီပိုလျှံရေးအတွက် လာမည့် စိုက်ပျိုးရာသီမှစတင်၍ တစ်နိုင်ငံလုံး၌ နေကြာသီးနှံ ဧက ၁၅ သိန်း စိုက်ပျိုးသွားမည်ဖြစ်ရာ သုတေသနခြံ များအနေဖြင့် ဒေသရေမြေအလိုက် ဖြစ်ထွန်း အောင်မြင်စေမည့် နေကြာမျိုးကောင်း မျိုးသန့်များ ထုတ်လုပ်နိုင်ရေးအတွက် စနစ်တကျစီမံဆောင်ရွက် ရန်လိုအပ်ကြောင်း၊ တောင်သူများနှင့် ပူးပေါင်း၍ ပိုမိုထိရောက်ကျယ်ပြန့်သော သုတေသနလုပ်ငန်းများ ဖြစ်စေရေးနှင့် လက်တွေ့အသုံးချ သုတေသနများ ဖော်ထုတ်ပြီး တောင်သူလက်ဝယ်အရောက် နည်းပညာဖြန့်ဝေနိုင်ရေးကို စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲနှင့် ပူးပေါင်းဆောင်ရွက် ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
တိုးချဲ့စိုက်ပျိုးသွားမည်
ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ဆီထွက် သီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း မိုးသီးနှံနှင့် ဆောင်းသီးနှံ စုစုပေါင်း ဧက ၁၅၀၀၀၀ ကျော်ရှိပြီး နေကြာသီးနှံ ဧက ၂၀၀၀ ခန့်ပါဝင်ကြောင်း၊ လာမည့်စိုက်ပျိုးရာသီ မှ စတင်၍ နေကြာသီးနှံ ဧက ၁၀၀၀၀ ခန့် တိုးချဲ့ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု ဂွေးပင် ခေတ်မီစံပြကျေးရွာ (Smart Village)ရှိ နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းသို့ရောက်ရှိကြရာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး က နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း နွေစပါး မျိုးစေ့ထုတ်စံပြကွက်များ ဆောင်ရွက်ထား ရှိမှု၊ တပ်ကုန်းမြို့နယ်အတွင်း နွေစပါး စိုက်ပျိုး ပြီးစီးမှု၊ တောင်သူပညာပေး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေးနေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယ ဝန်ကြီးက မိရိုးဖလာစိုက်ပျိုးနည်းများမှ ခေတ်မီ စိုက်ပျိုးနည်းစနစ်များသို့ ပြောင်းလဲကျင့်သုံးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားပြီး ဒေသနေ တောင်သူများနှင့်အတူ (EM)ဘိုကာရှီပြုလုပ်ခြင်းနှင့် နွေစပါးမျိုးစေ့ထုတ် စိုက်ခင်းသမန်းနိုး ဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးသည်။
တောင်သူများနှင့်တွေ့ဆုံ
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွေးပင် (စံပြ)ကျေးရွာ စနစ်ကျလယ်ယာမြေ ၁၁၆ ဧက ဖော်ထုတ်ခြင်း လုပ်ငန်း၊ ရေသွင်း ရေထုတ်မြောင်းများ နှင့် ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှု စစ်ဆေးပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ ၍ ခေတ်မီလယ်ယာသုံး စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်း သိုလှောင်သည်အထိ သီးနှံများ လေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် နည်းပညာရပ်ဆိုင်ရာများ စနစ်တကျလိုက်နာဆောင်ရွက်ရန်တို့ကို ဆွေးနွေး ပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေသြဇာ ထုတ်လုပ် ရေး သမဝါယမအသင်းလီမိတက်သို့ ရောက်ရှိကြပြီး သဘာဝမြေသြဇာ ထုတ်လုပ်နေမှုများကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်