
နေပြည်တော် မတ် ၁၈
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန နေပြည်တော် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ပျဉ်းမနား မြို့နယ်ဘဏ်ခွဲမှ တောင်သူဦးကြီး များအား ၂၀၂၂ ခုနှစ် မိုးကြိုရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ် ချေးပေးခြင်းကို ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ဆက်လက် ထုတ်ချေး ပေးလျက်ရှိသည်။
နိုင်ငံအတွင်း စားနပ်ရိက္ခာ ဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးစရိတ် ထုတ်လုပ်မှု အထောက်အကူ ဖြစ်စေရေးအတွက် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ်ချေးငွေ များကို စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းဖြင့် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် တောင်ညိုအုပ်စု ကျွန်ဦးအုပ်စုနှင့် မင်းကုန်းအုပ်စု တို့မှ တောင်သူ ၃၇ ဦးအား ချက်ကြံ ၁၄၈ ဧကနှင့် စပါး ငါးဧက စုစုပေါင်း ၁၅၃ ဧကအတွက် ငွေကျပ် ၁၅ ဒသမ ၅၅ သန်း ထုတ်ချေးပေးကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် ဘဏ်ခွဲ အနေဖြင့် ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၁ ခုနှစ် မိုးကြိုချေး ငွေ ပြေကျေစွာ ပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာ ထုတ်ချေးပေးလျက်ရှိပြီး ကျေးရွာ အုပ်စု သုံးအုပ်စု၊ တောင်သူ ၅၁ ဦး၊ ချက်ကြံ ၁၅၁ ဧက နှင့် စပါး ၄၄ ဧက စုစုပေါင်း ၁၉၅ ဧကအတွက် ချေးငွေကျပ် ၂၁ ဒသမ ၇ သန်း ထုတ်ချေးထားပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ် ဘဏ်ခွဲ သုံးဘဏ်မှ ၂၀၂၂ ခုနှစ် မိုးကြိုရာသီ စိုက်ပျိုးစရိတ် ချေးငွေ များကို ကျေးရွာအုပ်စု ရှစ်အုပ်စု၊ တောင်သူ ၁၈၄ ဦး၊ စပါး ၄၄ ဧက နှင့် ချက်ကြံ ၆၇၃ ဧက စုစုပေါင်း စိုက်ဧက ၇၁၇ ဧကအတွက် ချေးငွေကျပ် ၇၃ ဒသမ ၉ သန်း ထုတ်ချေးထားပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်