
နေပြည်တော် ဒီဇင်ဘာ ၇
နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများ တစ်ပြေးညီ ဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင်များ နှင့်အတူ ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ အတွင်း ယာဉ်တိုက်မှုအန္တရာယ်ရှိသည့် လမ်းနေရာ သုံးနေရာသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ Road Audit ပြုလုပ်မှုများအပေါ် သုံးသပ်လေ့လာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးခဲ့
ဗဟိုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးနှင့်အတူ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ဗဟိုကြီးကြပ်ရေးအဖွဲ့ဝင် ညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်နှင့် အင်ဂျင်နီယာမှူးကြီးများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးနှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီမှ ဌာနကြီးမှူးများ လိုက်ပါကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာ၌ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်သွားလာမှု အင်ဂျင်နီယာ ဌာနစိတ်မှ အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်းနှင့်အဖွဲ့က ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ရှိသည့် လမ်းပိုင်းများ ဖြစ်သည့် လမ်းပိုင်း(၁) ရာဇသင်္ဂဟလမ်းမကြီး၊ ကုမုဒြာကြာပန်းအဝိုင်းမှ အင်ကြင်းပန်းအဝိုင်းထိ လမ်းပိုင်း၊ ဗဟိုဘဏ်ရှေ့နေရာ(၀ ဒသမ ၅၂ ကီလိုမီတာ)၊ လမ်းပိုင်း(၂) ဇေယျဌာနီလမ်းမကြီး၊ ဝန်ကြီးဌာနရုံးများမှ Sinma Living Mall ထိလမ်းပိုင်း (၀ ဒသမ ၆၁ ကီလိုမီတာ)နှင့် လမ်းပိုင်း(၃) ဇေယျဌာနီလမ်းမကြီးနှင့် သီရီရတနာလမ်းဆုံမီးပွိုင့်နေရာတို့၌ လမ်းပိုင်းဆိုင်ရာ မြေပြင်အခြေအနေ လေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါလမ်းပိုင်းသုံးနေရာ၌ အန္တရာယ်သတိပေးလမ်းညွှန်များ၊ လမ်းအမှတ်အသား များ၊ မှိတ်တုတ်မီးဝါအချက်ပြများ ဖြည့်စွက်စိုက်ထူ ရေးဆွဲသင့်သည်များကို အကြံပြုတင်ပြခဲ့သည်။ Road Audit ဆောင်ရွက်မှုနှင့် အကြံပြုတင်ပြချက်များ အပေါ် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များက လိုအပ် သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
အကြံပြုချက်များ
အဆိုပါ လမ်းပိုင်းသုံးနေရာတို့၌ Road Audit ဆောင်ရွက်မှုနှင့်ပြုပြင်ဆောင်ရွက်သင့်သည့် အကြံပြု ချက်များကို စီမံဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ကြီးကြပ်ရေး အဖွဲ့သို့ ပေးပို့မည်ဖြစ်ပြီး နေပြည်တော်စည်ပင် သာယာရေးကော်မတီမှလည်း မြေပြင်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်