
နေပြည်တော် စက်တင်ဘာ ၂၇
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပရာ အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ အမျိုးသားခရီးသွား ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုကော်မတီဝင်များ၊ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ စကားဝိုင်းဆွေးနွေးပွဲ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ပေးပို့သည့် အမှာစကားရုပ်သံ ဗီဒီယိုကို ဖွင့်လှစ် ပြသသည်။
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် အမှာစကားကို စာမျက်နှာ ၅ တွင် သီးခြားဖော်ပြထားပါသည်။)
ဂုဏ်ယူဝမ်းမြောက်
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် စက်တင်ဘာ ၂၇ ရက်သည် ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အရေးပါသော နေ့ထူးနေ့မြတ်တစ်ခုဖြစ်ပြီး ယခုကဲ့သို ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနား တွင် နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
လူသားများသည် ခရီးသွားခြင်းကို နှစ်သက်ကြ ပြီး ကမ္ဘာ့နေရာအနှံ့အပြားသို့ ရှာဖွေစူးစမ်းသွားလာ လိုကြကြောင်း၊ ထို့ကြောင့် လူသားအားလုံးပျော်ရွှင် စိတ်ချမ်းမြေ့မှု ရရှိခံစားနိုင်ရေးအတွက် ခရီးသွား လုပ်ငန်းကို ဖော်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ ခရီး သွားလုပ်ငန်းသည် လူသားတိုင်းအတွက် လူမှုစီးပွား အကျိုးများစွာကို ဖန်တီးပေးနိုင်သဖြင့် ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” (Tourism for Inclusive Growth) နှင့် များစွာကိုက်ညီမှုရှိသည်ဟု ပြောကြားလိုပါ ကြောင်း။
သို့သော် ယနေ့ကမ္ဘာ့နှင့်အဝှမ်း ကြုံတွေ့နေရ သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးအန္တရာယ်ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအပါအဝင် အခြားသော စီးပွားရေး နယ်ပယ်အသီးသီးတွင် ထိခိုက်ဆုံးရှုံးမှု များစွာဖြစ်ပေါ်နေကြသည်ကို အားလုံးအသိပင်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ဖြစ်ပေါ် ခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါသည် အချိန်ကာလ အားဖြင့် နှစ်နှစ်နီးပါး ကြာမြင့်လာပြီဖြစ်သည့်အပြင် ဗီဇမျိုးကွဲများ များပြားလာပြီး ရောဂါကူးစက်မှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းနှင့် အချို့ သော ကမ္ဘာ့နိုင်ငံများတွင် စတုတ္ထလှိုင်းအထိစတင် ကူးစက်ပျံ့နှံ့နေသည်ကိုလည်း သိရှိရပါကြောင်း။
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်အထိ ကမ္ဘာ့ လူဦးရေသန်းပေါင်း ၂၃၂ သန်းကျော်သည် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံခဲ့ရကြောင်းနှင့် သေဆုံးမှု စုစုပေါင်းသည် ၄ ဒသမ ၇ သန်းကျော်ရှိပြီး ပြန်လည် ကောင်းမွန်သူ ၂၀၉ သန်းကျော်ဖြစ်သည်ကို သိရပါ ကြောင်း၊ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက်တွင် ကူးစက်ခံရသူ ၁၅၃၄ ဦးရှိပြီး သေဆုံးသူ ၆၂ ဦး အပါ အဝင် ယနေ့အထိ တစ်နိုင်ငံလုံးတွင် ၄ သိန်း ၅ သောင်းကျော်ရှိပြီး ဆေးရုံဆင်းသည့် အရေအတွက် သည် ၄ သိန်း ၁ သောင်းကျော်နှင့် သေဆုံးသူ ၁၇၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း။
ကူးစက်မှုလုံးဝမဖြစ်ပေါ်စေရေး
ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် အပါ အဝင် နိုင်ငံတကာက ဆေးပညာရှင်များကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး နှင့် ထိရောက်သည့် ကာကွယ်ဆေး ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက် ရှိနေကြ သည်ကိုလည်း တွေ့ရပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကို ကမ္ဘာနှင့်အဝှမ်း ရင်ဆိုင်ကြုံတွေ့နေ ကြရခြင်းဖြစ်သည့်အတွက် ကပ်ရောဂါထိန်းချုပ် နိုင်မည့်အချိန်ကို မှန်းဆသိရှိနိုင်ရန် မလွယ်ကူသော် လည်း မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်သော ကူးစက်မြန်ဒယ်လ်တာမျိုးကွဲ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေး အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၆ ရက်အထိ ကူးစက်မှုနှုန်းသည် ၈ ဒသမ ၃၂ ရာခိုင်နှုန်းသာ ရှိတော့သည်ကို တွေ့ရ ကြောင်း၊ ဆက်လက်၍ ၅ ရာခိုင်နှုန်းအောက် ကျဆင်း ရေး၊ ထိုမှတစ်ဆင့် ကူးစက်မှု လုံးဝမဖြစ်ပေါ်စေရေး အတွက် ကာကွယ်ဆေးထိုးနှံမှုနှင့် ကာကွယ်ဆေး ထုတ်လုပ်မှုလုပ်ငန်းများကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း။
ထို့ပြင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်တွင် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ ကာကွယ်ဆေးထိုးနှံပြီးစီးရေး ရည်မှန်းချက်ထားပြီး ကာကွယ်ဆေး ထိုးနှံလျက်ရှိသည့်အပြင် ပညာသင် အရွယ် ကျောင်းသား ကျောင်းသူများ စာသင်နှစ် တစ်နှစ် မထိခိုက်စေရေး၊ စာသင်ကျောင်းများ အမြန် ဖွင့်လှစ်နိုင်ရေးအတွက်လည်း အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ကို ကာကွယ်ဆေးထိုးနှံနိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း။ တစ်ဦးနဲ့တစ်ဦး Social Distancing ဖြင့်နေထိုင်ခြင်း၊ နှာခေါင်းစည်း mask ၊ မျက်နှာအကာ face shield များကို စနစ်တကျ တပ်ဆင်ခြင်းစသည့် ကိုဗစ်ရောဂါပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးဆိုင်ရာ (SOP) လိုက်နာစရာများကို စနစ်တကျ လိုက်နာဆောင်ရွက် ရန် ကြပ်မတ်ဆောင်ရွက်နေပါကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံ့နှံ့မှုများကို ထိန်းချုပ်လာနိုင်ပြီး ခရီးသွားလုပ်ငန်းအပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများကိုလည်း အမြန်ဆုံး ပြန်လည်အကောင်အထည်ဖော် ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း။
နည်းပညာအကူအညီများပံ့ပိုး
ကပ်ရောဂါဘေး ထိန်းချုပ်နိုင်သည်နှင့် တစ်ပြိုင် တည်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် လည်ပတ်နိုင်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက အဆင်သင့် ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်လျက်ရှိနေ ကြသည်ကိုသိရှိရကြောင်း။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အပါအဝင် နိုင်ငံ တကာအဖွဲ့အစည်းများက ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာအကူအညီများပံ့ပိုး ပေးလျက်ရှိနေကြ သည်ကိုလည်း တွေ့ရကြောင်း။ အထူးသဖြင့် နိုင်ငံအသီးသီးက ရေးဆွဲဆောင်ရွက်လျက်ရှိသည့် ခရီးသွားလုပ်ငန်းပြန်လည်စတင်နိုင်ရေး အစီအစဉ် များကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ခရီးသွား လုပ်ငန်းပြန်လည်စတင်နိုင်ရေး လမ်းညွှန်ချက်များ နှင့် အစီအမံများကို မှီငြမ်းကိုးကားနိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကို ခံစားနေရရုံသာမက လတ်တလော ဖြစ်ပွားနေသော အခြေအနေများကြောင့် အခြားသော နိုင်ငံများထက် ခရီးသွားလုပ်ငန်း ပြန်လည်စတင် နိုင်ရေး ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို နှစ်ဆ၊ သုံးဆ ပိုမိုကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ဟူသော အခန်းကဏ္ဍများ အားလုံးဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နိုင်မှသာ မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းယန္တရားကြီး အရှိန်အဟုန်ဖြင့် အမြန်ဆုံး လည်ပတ်နိုင်မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်
ထို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းကို ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် အချိန်ကိုက် အမြန်ဆုံးပြန်လည် စတင်ဆောင်ရွက်နိုင်ရေးအတွက် ခရီးသွားလုပ်ငန်း တွင် ပါဝင်ဆောင်ရွက်ကြသူများ အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ကိုဗစ်အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ဆောင်ရွက်ရာတွင်လည်း နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေးသည် မိမိတို့နိုင်ငံတစ်ခုတည်း အခြေအနေဖြင့် ဆောင်ရွက်၍မရသည့်အတွက် ပြည်တွင်းခရီးသွားလုပ်ငန်း Domestic tourism မှ စတင်ဆောင်ရွက်ရန် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ ချုပ်၏ လမ်းညွှန်ချက်များတွင် ဖော်ပြထားပြီးဖြစ် သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ ပြည်တွင်း ခရီးစဉ်များအတွက် သင့်လျော်သည့် ဒေသများကို ဦးစားပေးအစီအစဉ်အလိုက် ရွေးချယ်ပြီး ပြည်တွင်း ခရီးသွားများအတွက် ပြန်လည်ဖွင့်လှစ် ဆောင်ရွက် နိုင်ရန် ယခုမှစ၍ အသင့်ပြင်ထားကြရမည်ဖြစ် ကြောင်း။
ထို့ပြင် နိုင်ငံတကာ လေကြောင်းလိုင်းများနှင့် နိုင်ငံတကာဝင်ပေါက်များ ပြန်လည်ဖွင့်လှစ်နိုင်မှု အပေါ်မူတည်၍ Inbound tourism ပြန်လည် စတင်နိုင်ရေးအတွက် အဓိကကျသော ပြည်ဝင်ခွင့် Visa ဆိုင်ရာကိစ္စရပ်များနှင့် ကိုဗစ် - ၁၉ ကာကွယ် ဆေးထိုးနှံပြီးကြောင်း သက်သေအထောက်အထား အပါအဝင် နိုင်ငံတကာ စံနှုန်းသတ်မှတ်ချက် ကန့်သတ်ချက်များကို စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများအပါအဝင် မြန်မာ့ခရီးသွားလုပ်ငန်း အပေါ် စိတ်ဝင်စားသည့် နိုင်ငံများနှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံခရီးစဉ်ဒေသများကို COVID Safe Destination အဖြစ် နိုင်ငံတကာခရီးသွားများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် Marketing, Promotion နှင့် Public Relations (PR) ကိစ္စရပ် များကို ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
ထိုသို့ဆောင်ရွက်ရာတွင် Digital နည်းပညာကို အသုံးပြု၍ Marketing, Promotion နှင့် PR ကိစ္စရပ် များကို ဆောင်ရွက်ခြင်းသည် မိမိပေးလိုသော သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေမည်ဖြစ်ပြီး Offline သို့မဟုတ် Physical/ In person နည်းဖြင့် ဆောင်ရွက်မှုသည်လည်း ထိရောက်မှုရှိသည့်အတွက် Online/Offline နှစ်မျိုး စလုံးကို အသုံးပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုဗစ် - ၁၉ ကူးစက်မြန် ဒယ်လ်တာရောဂါပိုးကူးစက်မှု ထိန်းချုပ်လာနိုင်သည်နှင့်အမျှ မြန်မာ့ခရီးသွား လုပ်ငန်းများ အမြန်ဆုံးအရှိန်အဟုန်ဖြင့် စတင် လည်ပတ်နိုင်ရေးအတွက် ကော်မတီဝင်ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တတ်သိ ပညာရှင်များနှင့် ဒေသခံများပါ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် Focal Mini-stry ဖြစ်သော ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနက ရေးဆွဲထားသည့် မြန်မာနိုင်ငံခရီးသွားကဏ္ဍ ပြန်လည်ထူထောင်ရေး မဟာဗျူဟာလမ်းပြမြေပုံ (Myanmar Tourism Strategic Recovery Roadmap- MTSRR 2021-2025) တွင် ပါဝင်သော လတ်တလော၊ ကာလလတ်နှင့် ကာလရှည် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် မဟာ ဗျူဟာနှင့် လုပ်ငန်းစဉ်များကို လတ်တလောဖြစ်ပေါ် နေသည့်အခြေအနေများအပေါ် မူတည်၍ အကောင် အထည် ဖော်ဆောင်ရွက်၍ ရနိုင်သမျှ ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း။
ဘက်စုံဖွံ့ဖြိုးတိုးတက်
ယခု ၂၀၂၁ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ ဆောင်ပုဒ်ဖြစ်သော “ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး” ဟူသော ဆောင်ပုဒ်အတိုင်း ခရီးသွားလုပ်ငန်းမှတစ်ဆင့် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် Secretary General Mr.Zurab Pololikashvili ၏ သတင်းစကား ရုပ်သံဗီဒီယိုကို ပြသသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးရန်ဝင်းက နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် နေပြည်တော် ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အထင် ကရနေရာများကို 360 ဒီဂရီ Virtual Reality Tour ဖြင့် မိတ်ဆက်တင်ပြသည်။
ထို့နောက် ဒေါ်ကြည်ကြည်အေး၊ ဒေါက်တာ လူမွန်၊ ဦးဇော်ဖြိုးဝေ၊ ဦးမျိုးမင်းဇော်၊ ဦးနောင်နောင် လတ်နှင့် ဒေါ်ခိုင်မီမီထွန်းတို့က Tourism For Inclu-sive Growth ; Rebuilding Resilient Tourism in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် က ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်