ပြည်သူအတွက် သူတစ်ပါးထိခိုက်မှုအာမခံ နစ်နာကြေးများ မြန်ဆန်စွာပေးချေလျက်ရှိ

 

နိုင်ငံပိုင်  မြန်မာ့အာမခံလုပ်ငန်းက   ပြည်သူအပေါ် ဝန်ဆောင်မှုပေးနေသော သူတစ်ပါးထိခိုက်မှု အာမခံ နစ်နာကြေးပေးချေခြင်းလုပ်ငန်းများကို မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်  ရှိပါသည်။   စက်တပ်ယာဉ် ထိခိုက်မှုကြောင့်  သေဆုံးသူ၊   ဒဏ်ရာရရှိသူများ အတွက် စက်တပ်ယာဉ်ပိုင်ရှင်မှ ပေးလျော်ရန် တာဝန် ရှိရာ  ထိုပေးလျော်ရန်တာဝန်ကို   မြန်မာ့အာမခံ လုပ်ငန်းမှ   ပခုံးပြောင်း   တာဝန်ယူပေးချေခြင်း ဖြစ်ပါသဖြင့်  စက်တပ်ယာဉ်ကြောင့်  မတော်တဆ ထိခိုက်မိလျှင်    နစ်နာကြေးကို    အကျိုးခံစားခွင့် ရှိသူက  မြန်မာ့အာမခံလုပ်ငန်းတွင်  တောင်းခံနိုင် ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားသည့် ဦးရေ နှင့် မြန်မာ့အာမခံလုပ်ငန်းမှာ ယာဉ်မတော်တဆဖြစ်မှု ကြောင့် သေဆုံးခြင်း၊  ဒဏ်ရာရရှိခြင်းများကြောင့် နစ်နာကြေးတောင်းခံသည့်  ဦးရေတို့ကို  နှိုင်းယှဉ် ကြည့်ရာမှာ နစ်နာကြေးတောင်းခံသူဦးရေမှာ နည်းပါး နေသေးကြောင်း တွေ့ရှိရပါသည်။ 
မြန်မာ့အာမခံလုပ်ငန်းတွင် နစ်နာကြေးတောင်းခံ လိုသူအနေဖြင့် တောင်းခံရမည့်ပုံစံများကို မြန်မာ့ အာမခံလုပ်ငန်း (ရုံးချုပ်) နှင့် ရုံးခွဲ ၃၉ ရုံးတွင် အခမဲ့ ရယူနိုင်ပြီး  မြန်မာ့အာမခံလုပ်ငန်း၏  Website (www.mminsurance.gov.mm) တွင် download  လုပ်၍လည်း ပုံစံရယူနိုင်ရန်  ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ထိခိုက်မှုဖြစ်ပွားပြီး သေဆုံးလျှင် သေဆုံး သည့်နေ့မှ ၁၂ လအတွင်း၊ ဒဏ်ရာရလျှင် ထိခိုက်မှု ဖြစ်ပွားသည့်နေ့မှ ၂၄ လအတွင်း၊ ပစ္စည်းပျက်စီး ဆုံးရှုံးလျှင် ထိခိုက်ပျက်စီးမှုဖြစ်ပွားသည့်နေ့မှ ၁၂ လအတွင်း တောင်းခံနိုင်ပါသည်။
သေဆုံးမှု  သို့မဟုတ်  ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနက အသိအမှတ်ပြု ထားသည့် ဆေးရုံ၏ အစီရင်ခံစာနှင့် စက်တပ်ယာဉ် ထိခိုက်မှုဖြစ်ကြောင်း ရဲစခန်း၏ အစီရင်ခံစာများနှင့် အတူ  အထောက်အထားအပြည့်အစုံဖြင့်   မြန်မာ့ အာမခံလုပ်ငန်းသို့  ဆက်သွယ်တောင်းခံလာပါက သူတစ်ပါးထိခိုက်မှုအာမခံ   နစ်နာကြေးများကို နေ့ချင်းပြီး ဆောင်ရွက်လျက် ရှိပါသည်။ 
စက်တပ်ယာဉ်ကြောင့် မတော်တဆထိခိုက်မိ လျှင် နစ်နာကြေးကို အကျိုးခံစားခွင့်ရှိသူက တောင်းခံ နိုင်ကြောင်း မသိရှိသေးသောကြောင့်  နစ်နာကြေး တောင်းခံသည့် ဦးရေသည်  အတိုင်းအတာတစ်ခုအထိ နည်းနေသေးသည့်အတွက် ပြည်သူများအနေဖြင့် သိရှိလာပြီး နစ်နာကြေး တောင်းခံလာပါက  နှစ်စဉ် ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း၊ ဒဏ်ရာရရှိခြင်း များ ဖြစ်ပွားသည့် ဦးရေအတိုင်း နစ်နာကြေး တောင်းခံ သည့်ဦးရေ ပိုမိုများပြားလာစေရန် ရည်ရွယ်ချက်ဖြင့် တင်ပြလိုက်ရပါသည်။