
နေပြည်တော် ဒီဇင်ဘာ ၂၆
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၂၅ ဦးအား မနီလာမြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
ထို့ပြင် စင်ကာပူနိုင်ငံတွင် စာချုပ်သက်တမ်းကုန်ဆုံး ၍ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား ၁၁၂ ဦးအား စင်ကာပူရှိ မြန်မာသံရုံးမှ စီစဉ်သည့် တတိယအကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) စင်းလုံးငှား ကယ်ဆယ်ရေး အထူးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ် ရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ / သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု ခုနစ်ရက်နှင့် နေအိမ်တွင် အသွားအလာကန့်သတ်မှု ခုနစ်ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့က သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးကြသည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား များနှင့် မြန်မာသင်္ဘောသားများအား ပြန်လည်ခေါ်ဆောင်ရန် Corona-virus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံ များရှိ မြန်မာသံရုံးများ၊ သင်္ဘော ကုမ္ပဏီများ/ အဖွဲ့အစည်းများနှင့် ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်