ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

၁။    ယခုအခါ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ကျဆင်းလာပါသဖြင့် နိုင်ငံတကာ ပုံမှန်လေကြောင်း ခရီးစဉ်(Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ၊      နိုင်ငံခြားသားများ       နိုင်ငံအတွင်းသို့ ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက်စီစဉ်၍ (၁၇-၄-၂၀၂၂)ရက်နေ့၊ (၀၀:၀၀)နာရီမှစ၍  ပြေးဆွဲဆောင်ရွက်ခဲ့ရာ   (၂၈-၄-၂၀၂၂)ရက်နေ့အထိ ဝင်ရောက်လာသူခရီးသည်များမှ   ကိုဗစ်-၁၉   ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း လွန်စွာနည်းပါးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
၂။    အဆိုပါတွေ့ရှိချက်အရ   ပြည်ပနိုင်ငံများမှ   မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)များဖြင့် ပြန်လည်လိုက်ပါလာသူများအား ယခင်က သတ်မှတ်ဟိုတယ်တွင် (၂၄)နာရီ နေထိုင်စေ၍ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ခြင်းအစား  (၁-၅-၂၀၂၂) ရက်နေ့၊    (၀၀:၀၀)နာရီမှစတင်၍ ကုန်ကျစရိတ်သက်သာပြီး      ဓာတ်ခွဲအဖြေ     အချိန်တိုအတွင်း ချက်ချင်းရရှိနိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးပေးခြင်းကို ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။ 
၃။    ၎င်းအပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များ၊ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသူများအား ယခင်က  ကိုဗစ်-၁၉ ကာကွယ်ဆေး  အကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅)ရက်အစား (၃)ရက်သို့လည်းကောင်း၊ ကာကွယ်ဆေး     အကြိမ်ပြည့်ထိုးနှံမှုမရှိပါက   အသွားအလာ ကန့်သတ်ထားရှိမှု   (၇)ရက်အစား   (၅)ရက်သို့လည်းကောင်း ပြင်ဆင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
၄။    သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (က) နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ် (Commercial Flight)၊ (ခ) ကယ်ဆယ်ရေးလေယာဉ်(Relief Flight) နှင့် (ဂ) နယ်စပ်ဝင်/ထွက်   ဂိတ်များမှ   ဝင်ရောက်လာမည့်   ခရီးသွားများအတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက် မည့်အစီအစဉ်များပါ လမ်းညွှန်ချက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ  www.moh.gov.mm တွင် ဝင်ရောက် လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန်ကြေညာအပ်ပါသည်။ 


ကျန်းမာရေးဝန်ကြီးဌာန
(၂၉-၄-၂၀၂၂)