
နေပြည်တော် ဇန်နဝါရီ ၁၄
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေး ခန်းမ(၂)၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်ပမှ လေကြောင်း၊ ရေကြောင်း ဖြင့် ပြန်လည်ဝင်ရောက်လာသူများကို အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ဟိုတယ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်ပမှ ဝင်ရောက်လာ သူများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ရောဂါပိုးမရောက်ရှိ စေရေး၊ တစ်နည်းအားဖြင့် အခြားနိုင်ငံများမှ ရောဂါ ပိုးဝင်ရောက်မှုကို အချိန်အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှဝင်ရောက်လာသူ များအား သတ်မှတ်ထားသော ဟိုတယ်များနှင့် ကွာရန်တင်းစင်တာများ၌ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ထားသော အကြိမ် ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ် များသို့ ပြန်ခွင့်ပြုလျက်ရှိကြောင်း၊ ထို့အတူ နယ်စပ် ဒေသများမှ ကုန်းလမ်းဖြင့် ပြန်လည်ဝင်ရောက် လာသူများကိုလည်း နယ်စပ်ဝင်/ထွက်ပေါက်နေရာ များတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိပြီး သတ်မှတ်ချက်အတိုင်း ဓာတ်ခွဲ စစ်ဆေးပြီးမှ သက်ဆိုင်ရာဒေသများသို့ သွားရောက် ခွင့်ပြုခဲ့ကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ၏ အခြားမျိုးကွဲဗီဇအသစ်များပါ တွေ့ရှိရပြီး ရောဂါ ပြန့်ပွားမှုမြန်သော အိုမီခရွန်မျိုးစိတ်ကို ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများတွင် တွေ့ရှိရလျက်ရှိ သော်လည်း ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး)တွင် အစုလိုက် တွေ့ရှိရသူများ၏ ဓာတ်ခွဲစစ်ဆေးရ သည့်အဖြေများတွင် အိုမီခရွန်မျိုးကွဲ တွေ့ရှိခြင်း မရှိသည့်အတွက် ပြည်တွင်း ကူးစက်မှုမရှိသေးပါ ကြောင်း၊ သို့ဖြစ်၍ ပြည်ပမှဝင်ရောက်လာသူများအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိ သော ဟိုတယ်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုအပ်ကြောင်း ပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က အသွား အလာ စောင့်ကြပ်ကြည့်ရှုလျက်ရှိသည့် ဟိုတယ်များ အနေဖြင့် မိမိတို့ဟိုတယ်များ၌ တည်းခိုလျက်ရှိသော ပြည်ပမှဝင်ရောက်လာသူများနှင့် ဟိုတယ်ဝန်ထမ်း များကို ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်းမရှိအောင် ကြပ်မတ်ရန်၊ ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေး ခြင်းများ ဆောင်ရွက်၍ ပညာပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက အရေးယူခြင်းများ ဆောင်ရွက်ရန်၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးရန်၊ အုပ်ချုပ်မှုလုပ်ငန်းများ အခက်အခဲရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ပြောကြားကြပြီး ဟိုတယ်လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များ ကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ(၃)၌ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသော ကွာရန်တင်းလုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါပိုး စောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းစဉ်များ၊ အသွားအလာစောင့်ကြပ် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော နေရာ များ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား ကုသရေးလုပ်ငန်းများ၊ အိုမီခရွန်ရောဂါပိုး စစ်ဆေး တွေ့ရှိမှုနှင့် ကုသမှုပေးနေသည့် အခြေအနေများ၊ လူနာများပြားလာပါက ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့်တင် ဆက်လက်ထိုးနှံရမည့်အစီ အစဉ်များကို ဆွေးနွေးသည်။
ထို့နောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာလှ၊ ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့က ရန်ကုန်တိုင်းဒေသကြီး အတွင်း ရောဂါဖြစ်ပွားမှုအခြေအနေ၊ ဆေးရုံများ၊ ကုသရေးစင်တာများတွင် လူနာများတက်ရောက် ကုသမှုအခြေအနေ၊ စတုတ္ထလှိုင်းအတွက် ကြိုတင် ပြင်ဆင်ထားနိုင်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံမှုနှင့် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး လုပ်ငန်း ဆောင်ရွက်မှုများကို အသေးစိတ်ညှိနှိုင်းကြရာ ပြည်ထောင်စုဝန်ကြီးက ယခင် ကိုဗစ်-၁၉ ရောဂါ လှိုင်းများ ဖြစ်ပွားစဉ် ကြုံတွေ့ခဲ့ရသော အခက်အခဲ များအပေါ် သင်ခန်းစာယူ၍ ကြိုတင်ပြင်ဆင်မှုများကို အထူးအလေးထား ဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုကို အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားသည်။
သတင်းစဉ်