
နေပြည်တော် နိုဝင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ်ရောက်ရှိရာ သက်ဆိုင်ရာ သိုလှောင်ကန် များသို့ နိုဝင်ဘာ ၁၄ ရက်တွင် စက်သုံးဆီတင်သင်္ဘော သုံးစင်းမှ စက်သုံးဆီများကို ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူ ဖြည့်တင်းရန် ဆိပ်ကမ်း၌ စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော နှစ်စင်းရှိသည့်အပြင် ထပ်မံဝင်ရောက်လာမည့် စက်သုံးဆီတင်သင်္ဘော များ လည်းရှိကြောင်း သိရသည်။
လိုအပ်သလိုဝယ်ယူနိုင်
စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကော်မတီ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စက်သုံးဆီ အရောင်းဆိုင်များသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်း ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၄ ရက်တွင် ဆီတင်ယာဉ် ၁၀၂၃ စီးဖြင့် 92 Ron ကိုးသိန်းကျော်၊ 95 Ron တစ်သိန်းငါးသောင်းကျော်၊ ဒီဇယ်ဆီ ခုနစ်သိန်းငါးသောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ ခြောက် သိန်းကျော် ဖြည့်တင်းပေးနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိအရောင်းဆိုင် အားလုံးတွင် စက်သုံးဆီလာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင် ကဲ့သို့ ပုံမှန်အခြေအနေတိုင်းဖြစ်ပါကြောင်းနှင့် အများပြည်သူများ အနေဖြင့် လိုအပ်သော စက်သုံးဆီများကို လိုအပ်သလို ဝယ်ယူနိုင်ပြီ ဖြစ်ပါကြောင်း သတင်းရရှိသည်။
သတင်းစဉ်