ပြည်ပကို အလုပ်ထွက်လုပ်တဲ့သူ များပြားလာတဲ့ လာအို

 

ကောင်းထက်
 

လာအိုနိုင်ငံမှာ အသုံးပြုတဲ့ ကစ်ငွေကြေးဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ် တွေအတွင်း  ကျဆင်းလာတယ်လို့  သတင်းရင်းမြစ်တွေမှာ   ဖော်ပြ ထားတာ တွေ့ရတယ်။ ဇန်နဝါရီနဲ့ ဧပြီလကြားမှာ လာအိုကစ်ငွေကြေး ဟာ ခြောက်ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်။  အဲဒီလိုကျဆင်းလာတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံအတွင်းတင်သွင်းလာတဲ့ အိမ်သုံးကုန်ပစ္စည်း တွေ ဈေးနှုန်းကလည်း ၁၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

 


မေလအစောပိုင်းမှာ လာအိုနိုင်ငံမှာရှိတဲ့ ငွေလဲလှယ်သူတစ်ဦးက အမေရိကန် တစ်ဒေါ်လာကို လာအိုကစ် ငွေကြေးဟာ ၁၂၆၆၆  အထိ ရှိကြောင်း ပြောပါတယ်။ အဲဒီနောက်မှာတော့ လာအိုနိုင်ငံသားအများစု အထူးသဖြင့် လူငယ်လူရွယ်ပိုင်းအများစုဟာ တရားဝင်လမ်းကြောင်း က တစ်မျိုး၊ တရားမဝင် လမ်းကြောင်းက တစ်ဖုံ  တရုတ်၊  မလေးရှား၊ ထိုင်းစတဲ့ပြည်ပနိုင်ငံတွေကို အလုပ်လုပ်ထွက်တဲ့သူအရေအတွက်ဟာ သိသိသာသာများပြားလာခဲ့ပါတယ်။ 

 


နယ်စပ်ဂိတ်တွေဖွင့်လှစ်ပြီးနောက် လာအိုနိုင်ငံရဲ့အထူးစီးပွားရေးဇုန်တွေမှာ အလုပ်လုပ်တဲ့  လုပ်သားအင်အားဟာ  ထိုင်းနိုင်ငံဘက် ကို  ထွက်ခွာသွားကြတာကြောင့်  လျင်မြန်စွာကျဆင်းလာပါတယ်။ အထူးစီးပွားရေးဇုန် ငါးခုမှာ  အလုပ်လုပ်နေတဲ့  လုပ်သားအင်အား ၃၃၇၅ ဦးရှိပြီး ၂၇၃၇ ဦးဟာ လာအိုနိုင်ငံသားတွေလို့ ဆိုပါတယ်။ လုပ်ငန်းတစ်ခုလုံး   အပြည့်အဝလည်ပတ်နိုင်ဖို့ဆိုရင်  ယခုနှစ်မှာ လာအိုလုပ်သား ၆၀၀၀ လိုအပ်လျက်ရှိပြီး လာမယ့်နှစ်မှာ  ၁၀၀၀၀ အထိ လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လာအိုနိုင်ငံသား အများစုဟာ လုပ်ငန်းခွင်ကို  ယာယီသာ လာလုပ်ကြတယ်။  အဲဒီ နောက်  အလုပ်ကထွက်ပြီး  ထိုင်းနိုင်ငံဘက်ကို  သွားကြတယ်လို့ အထူးစီးပွားရေးဇုန်   စီမံခန့်ခွဲရေးဌာနမှ   ညွှန်ကြားရေးမှူးဖြစ်သူ ခွန်ဖိုင်သောင်က ပြောပါတယ်။ 

 


လုပ်ခလစာ ကွာဟ


လာအိုနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား လုပ်ခလစာက ကွာဟလွန်းတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့ လာအိုနိုင်ငံသားတစ်ဦးက   လာအိုနိုင်ငံမှာ   တစ်လလုပ်အားခ အမေရိကန် ဒေါ်လာ ၈၅ ဒေါ်လာသာရပြီး ထိုင်းနိုင်ငံမှာ တစ်လ လုပ်အားခ အမေရိကန်ဒေါ်လာ ၂၈၈ ဒေါ်လာရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်  လာအိုအလုပ်သမားများအဖွဲ့ချုပ်က   အနိမ့်ဆုံးလုပ်ခ လစာကို ၁၁၅ ဒေါ်လာအထိ  တိုးမြှင့်ပေးဖို့   တောင်းဆိုထားခြင်း ဖြစ်ပါတယ်။

 


လာအိုနိုင်ငံသား  ၂၀၀၀ ခန့်ဟာ  လက်ရှိ   မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် လည်း လာအိုအာဏာပိုင်တွေအနေနဲ့ အဆိုပါ တရားမဝင် အလုပ်လုပ် ကိုင်နေကြသူတွေကို      တရားဝင်အလုပ်လုပ် ကိုင်နိုင်ကြစေရန် အလို့ငှာ မလေးရှားနိုင်ငံနဲ့  လက်တွဲဆောင်ရွက်သွားဖို့ စီစဉ်လျက် ရှိတယ်လို့ မကြာသေးမီက လာအိုနိုင်ငံပိုင် ဗီယန်ကျင်းတိုင်းမ်နေ့စဉ် သတင်းစာမှာ ဖော်ပြထားတာ တွေ့ရတယ်။ 

 


တရားဝင်ဖြစ်အောင် လုပ်ဆောင်


မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်ကိုင်တဲ့ လာအိုနိုင်ငံသား များ မရှိအောင်အထိ ၎င်းတို့ဌာနအနေနဲ့  ရည်ရွယ်လုပ်ဆောင်နေပြီး နှစ်နိုင်ငံအစိုးရများအနေဖြင့်လည်း လာအိုနိုင်ငံသားတွေကို တရား ဝင်ဖြစ်စေရန် လုပ်ဆောင်နေတယ်လို့ လာအိုအလုပ်သမားနှင့် လူမှု ဝန်ထမ်းဝန်ကြီးဌာနအောက်ရှိ အလုပ်သမားဌာနမှ  ညွှန်ကြားရေးမှူး ချုပ်ဖြစ်သူ အေနော့ဆွန်နီ ခမ်စင်ဆာဗက်က ဆိုပါတယ်။ 

 


 နှစ်နိုင်ငံကြား  ဘက်စုံအလုပ်သမား   ပူးပေါင်းဆောင်ရွက်ရေး အတွက်  နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထိုးခြင်း  အပါအဝင် လက်ရှိအခြေအနေတွေကို ဘယ်လိုပြုပြင်ဆောင်ရွက်နိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး လာအိုနိုင်ငံမှာရှိတဲ့ မလေးရှားသံရုံးနဲ့အတူ လက်တွဲ လုပ်ဆောင်လျက်ရှိကြောင်း လာအိုတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

 


နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဖို့ လိုအပ်


ဒါပေမယ့်    အလုပ်သမား ပူးပေါင်းဆောင်ရွက်ရေးနယ်ပယ်မှာ အားကောင်းတဲ့ဆက်ဆံရေးတစ်ခုကို  ပံ့ပိုးပေးနိုင်မယ့်   နားလည်မှု စာချွန်လွှာကိုတော့ လာအိုနဲ့မလေးရှားနိုင်ငံကြားမှာ လက်မှတ်ရေးထိုးထားခြင်းမရှိတာကြောင့်    အခက်အခဲအတားအဆီးများစွာနဲ့ ကြုံတွေ့နေရပြီး နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် အစိုးရနှစ်ရပ်အကြားမှာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးဖို့  လိုအပ်တယ်လို့  အဆိုပါတာဝန်ရှိသူက   ဆက်ပြောပါတယ်။  

 


တရားဝင်အလုပ်လုပ်ကိုင်နိုင်စေရန် လမ်းဖွင့်ပေး


အလုပ်သမားကဏ္ဍမှာရှိတဲ့ နားလည်မှုစာချွန်လွှာတစ်ခုက လာအို နိုင်ငံသားတွေအတွက်  မလေးရှားနိုင်ငံမှာ  တရားဝင်အလုပ်လုပ်ကိုင် နိုင်စေဖို့ လမ်းဖွင့်ပေးပါလိမ့်မယ်။ နောက်ပြီး နိုင်ငံတကာအခြေခံမူ တွေနဲ့အညီ ၎င်းတို့ရဲ့ရပိုင်ခွင့်တွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ် စောင့်ရှောက်ခွင့်ရရှိမှုနဲ့အတူ  ၎င်းတို့ရဲ့  တရားဝင်ခံစားပိုင်ခွင့်တွေ ကိုလည်း ရရှိလိမ့်မယ်လို့ ၎င်းက ဆက်ပြောပါတယ်။  

 


အဲဒီလို သဘောတူညီမှုတစ်ခုက လုပ်သားအင်အားဖွံ့ဖြိုးတိုးတက် မှု၊ အလုပ်အကိုင်၊ ကာကွယ်ရေး၊ လူမှုဖူလုံရေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အခြား ကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို အထောက်အပံ့ဖြစ်စေပါ တယ်လို့လည်း ဆက်ပြောပါတယ်။ 

 


လာအိုနိုင်ငံသားတွေကို အလုပ်ခန့်အပ်


အစီရင်ခံစာတစ်ခုအရ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မလေးရှား နိုင်ငံတို့မှာ အလုပ်လုပ်ကိုင်လျက်ရှိတဲ့ လာအိုနိုင်ငံသားတွေကို စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ ဝန်ဆောင်မှုကဏ္ဍနှင့် အခြားစက်မှုလုပ်ငန်းတွေရှိ အသေးစားနှင့်  အလတ်စားစီးပွားရေးလုပ်ငန်းတွေမှာ  မကြာခဏ ဆိုသလို အလုပ်ခန့်အပ်ကြကြောင်း သိရပါတယ်။ 

 


အဆိုပါနိုင်ငံတွေအနက် မလေးရှားနိုင်ငံဟာ အလုပ်သမားရေးရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး  နီးကပ်စွာ  ပူးပေါင်းလုပ်ဆောင်နိုင်ရန်၊ အစိုးရနှစ်ရပ်အကြား ဆက်ဆံရေးအားကောင်းလာစေရန်  လာအို နိုင်ငံနဲ့ နားလည်မှုစာချွန်လွှာ  လက်မှတ်ရေးထားခြင်းမရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။       ။


ကိုးကား - ဆင်ဟွာ