
ပြည် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅ဝဝ) အထွေထွေရောဂါကု ဆေးရုံကြီး၏ ကိုဗစ်−၁၉ လူနာများအတွက် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် မြို့မိမြို့ဖများက ယနေ့နံနက်ပိုင်းတွင် အောက်ဆီဂျင် အိုးကြီး အလုံး ၁ဝဝ လာရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါ အောက်ဆီဂျင်အိုးကြီး အလုံး ၁ဝဝ ကို မြို့မိမြို့ဖ ဦးမိုးဇင် က ပေးအပ်လှူဒါန်းရာ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
အဆိုပါ အောက်ဆီဂျင်အိုးကြီး အလုံး ၁ဝဝ ကို မြဝတီမြို့မှ ဆက်သွယ်မှာယူ လှူဒါန်းခြင်းဖြစ်ကြောင်းသိရပြီး သယ်ယူစရိတ်၊ အောက်ဆီဂျင်အိုးနှင့် မီတာခွက်အပါအဝင် အောက်ဆီဂျင်အိုးကြီး တစ်လုံးလျှင် ကုန်ကျငွေကျပ် သုံးသိန်းခွဲနှုန်းဖြင့် အလုံး ၁ဝဝ အတွက် စုစုပေါင်းကုန်ကျငွေကျပ် သိန်း ၃၅ဝ ဖြစ်ကြောင်း သိရသည်။
ပြည်မြို့နယ်တွင် ဇူလိုင် ၁၄ ရက် ညနေပိုင်းအထိ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ စုစုပေါင်း ၆ဝ၇ ဦးအထိရှိပြီး ကျန်းမာ ရေးကုသမှုဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်အိုး များကို လှူဒါန်းမှုပြုလိုပါက ဝ၉−၅၃၁၁၄ဝ၂၊ ဝ၉−၅၃၁၁၃၄၇ နှင့် ဝ၉− ၅၃၁ဝ၁၄၅ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)