ပညာတတ်များ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုသည့်နေ့

Type
1

 

ဒေါက်တာမောင်သင်း (ပါမောက္ခချုပ် (ငြိမ်း)၊ မန္တလေးတက္ကသိုလ်)
 

မြန်မာ့သမိုင်းကို ပြောင်းလဲစေသည့် တက္ကသိုလ်ကျောင်းသား ပညာတတ်များ၏ လှုပ်ရှားမှု ပညာရေးလောကတွင် ပေါ်ပေါက်ခဲ့သည်။ တစ်မျိုးသားလုံး အားပေးခဲ့သည်။ ပြီးတော့ ဂုဏ်ပြုခဲ့ကြသည်။ ဘာကြောင့် ဂုဏ်ပြုရပါသလဲ။ အမျိုးသားရေးကို ဆုပ်ကိုင်လှုပ်ရှားခဲ့ကြလို့ပါ။ ပညာတတ်များ၏ ထိုလှုပ်ရှားမှုသည် မြန်မာတစ်ပြည်လုံးကို အမျိုးသားရေးအမြင် နိုးကြားစေခဲ့သည်။ ပညာတတ်ဆိုတာ အမျိုးသားရေးကိုသာ သစ္စာခံသူ၊ အမျိုးသားရေးကို တစ်ဘဝစာ စား၊ ဝတ်၊ နေရေး ပြေလည်ရုံမျှဖြင့် မလဲသူ၊ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်သူများပါဟု ပြဆိုခဲ့သည့်နေ့ ဖြစ်နေ၍ ဂုဏ်ပြုခဲ့ခြင်း ဖြစ်ပေသည်။ ထိုနေ့သည် ကား  ၁၂၈၂  ခုနှစ်  တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ပါ။ ပညာတတ်များ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုလိုက်သည်ကား “အမျိုးသားနေ့” (သို့မဟုတ်) “အမျိုးသား အောင်ပွဲနေ့” ပင် ဖြစ်ပါသည်။ နှစ်ပေါင်း ၁၀၁ နှစ်ပင် ကြာရှည်ခိုင်မြဲခဲ့ပါပြီ။ 


ထိုနေ့တွင်  ကိုလိုနီနယ်ချဲ့ဝါဒ  သက်ဆိုးရှည် ရန်၊  တက္ကသိုလ်ပညာရေးကို ဉာဏ်ပညာထက်မြက် သည့် မြန်မာလူငယ်များ လက်လှမ်းမမီနိုင်အောင် ချမ်းသာ ချောင်လည်သူများနှင့်  ဗျူရိုကရက်ကြီးများ ၏ အဆက်အနွယ်များသာ တက်နိုင်ရန်နှင့် အုပ်စိုး သူ စိတ်ကြိုက် စီမံထားသည့် “၁၉၂၀ ခုနှစ် ရန်ကုန် တက္ကသိုလ်အက်ဥပဒေ”   ကို   မြန်မာတက္ကသိုလ် ကျောင်းသားများက  ကန့်ကွက်ခဲ့ခြင်းဖြစ်ပါသည်။ ရိုးရိုး သပိတ်မှောက်ပွဲ မဟုတ်ခဲ့ပါ။ ကိုလိုနီနယ်ချဲ့ ဝါဒီနှင့်   အမျိုးသားရေးဝါဒီတို့    အားပြိုင်တဲ့ပွဲပါ။ ထိုပွဲတွင် ပညာတတ်တက္ကသိုလ်ကျောင်းသားများ သည် အမျိုးသားရေးဘက်မှ ရှေ့တန်းက ရဲရဲရင့်ရင့် ဦးဆောင်ပါဝင်ခဲ့ပါသည်။ 

 


ကျွန်အမှောင်ခန်းတွင်းက     မြန်မာများကို အမျိုးသားရေး    အလင်းရောင်    စတင်ထွန်းညှိ ပေးခြင်းဖြစ်၍    ကိုလိုနီဘဝမှ  လွတ်မြောက်ရန် မြန်မာတွေ စတင်နိုးထသည့်နေ့ဟု ဆိုအပ်ပေသည်။ ထိုအားပြိုင်ပွဲတွင်  အမျိုးသားဝါဒီတို့က  အခိုင်းခံ ကျွန်ပညာ ရေးနှင့်အပြိုင်  အမျိုးသားအကျိုးစီးပွားကို ဦးတည်သည့် “အမျိုးသားပညာရေး” ကို အချိန်တို အတွင်း နိုင်ငံအနှံ့ ဖော်ထုတ်အကောင်အထည်ဖော် ခဲ့ပေသည်။ ထိုနေ့သည် မြန်မာ့မြေပေါ်က ကျွန်မွေး စီမံကိန်း   မအောင်မြင်ကြောင်းနှင့်  ကိုလိုနီဝါဒ ကျဆုံးကြောင်း   သမိုင်းမှတ်တမ်း   စတင်သည့်နေ့ လည်း ဖြစ်သကဲ့သို့  မြန်မာ့လွတ်လပ်ရေး နိဒါန်း စဖွင့်သည့်နေ့လည်း ဖြစ်ပေသည်။ 

 


မွေးတုန်းကကျွန်၊ ရလာတော့သခင်တွေ 


ရန်ကုန်တက္ကသိုလ်စဖွင့်သည့် ရည်ရွယ်ချက်မှာ မက္ကောလေး၏  အိန္ဒိယတွင်  ၁၈၃၅    ခုနှစ်က တင်သွင်းခဲ့သော အစီရင်ခံစာပါ “အသားအရောင် အားဖြင့်     ညိုသော်လည်း     အင်္ဂလိပ်စာပေကို ကျွမ်းကျင်ပြီး    အင်္ဂလိပ်တို့ကဲ့သို့    တွေးခေါ်ကာ အင်္ဂလိပ်စိတ် ပေါက်နေသည့်  ဒေသခံတိုင်းရင်းသား လူတန်းစားတစ်ရပ်   မွေးထုတ်၍   ထိုလူတန်းစား ကို တိုင်းရင်းသားများနှင့် အုပ်စိုးသူတို့အကြားတွင် ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်စေရန် ဖြစ်ပါ သည်” ဟူသည့် မူအရ   ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကိုလိုနီကျွန်ပြုယန္တရားကြီး ကောင်းမွန်စွာ ဆက်လက် လည်ပတ်နိုင်ရေးအတွက်  အလုပ်အကျွေးပြုမည့် အလိုတော်ရိများကို  ရန်ကုန်တက္ကသိုလ် ဖွင့်လှစ်ပြီး မွေးထုတ်ရန်     စီမံခဲ့ခြင်းဖြစ်ပါသည်။    သို့သော် ဗြိတိသျှတို့၏ မြန်မာနိုင်ငံအတွင်း “ကျွန်မွေးမြူရေး စီမံကိန်း”    တာထွက်မကောင်းခဲ့ပါ။    ရန်ကုန် တက္ကသိုလ် စဖွင့်မည့်နေ့မတိုင်မီ  နှစ်ရက်အလိုတွင် တက္ကသိုလ်ဥပဒေကို ကျောင်းသားများက ဆန့်ကျင် ခဲ့ကြပါသည်။   ဤလှုပ်ရှားမှုသည်     “မြန်မာများ ရဲ့    လွတ်လပ်ရေးမင်္ဂလာနိဒါန်း”   (သို့မဟုတ်) ခေတ်ပညာတတ်         တက္ကသိုလ်ကျောင်းသား အမျိုးသားဝါဒီများရဲ့ ကိုလိုနီဆန့်ကျင်ရေး အစပြု ခြေလှမ်းပါ။

 


ရန်ကုန်တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ကြောင့်  အမျိုးသားကျောင်းများ   ပေါ်ပေါက်ခဲ့ပါ သည်။  သပိတ်မှောက်ကျောင်းသားများက    ထို ကျောင်းများတွင် ကျောင်းအုပ်ကြီးများ၊ ဆရာများ ဝင်လုပ်ရင်း   မျိုးချစ်စိတ်ဓာတ်    နိုးကြားအောင် ဆက်လက်လှုံ့ဆော်ပေးခဲ့ကြသည်။ ထိုအဆင့်တွင် မရပ်နေပါ။ အမျိုးသားပညာရေးမှသည်  အမျိုးသား လွတ်မြောက်ရေးဆီသို့ ဆက်လက်တက်လှမ်းခဲ့ကြ ပေသည်။   ဤသို့ဖြင့်    အမျိုးသားပညာရေးက ခိုင်မာပြတ်သားသည့် အမျိုးသားလွတ်မြောက်ရေး ကို  ဦးဆောင်မည့်   လွတ်လပ်ရေးခေါင်းဆောင် ပထမမျိုးဆက်ကို မွေးထုတ်ပေးခဲ့သည်။  ဗိုလ်ချုပ် အောင်ဆန်း၊ ဦးဘဝင်း၊ ဦးနု၊ ဦးရာဇတ်နှင့်  ရဲဘော် သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် ဗိုလ်ဇေယျတို့သည် ထင်ရှားသည့် အမျိုးသားကျောင်းထွက်များ ဖြစ်ကြ သည်။ 

 


အမျိုးသားကျောင်းထွက်များသည် တက္ကသိုလ် တက်ရောက်သည့်   အခါတွင်လည်း   တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင်   ဝင်ရောက်နေရာယူကာ အမျိုးသားရေးစိတ်ဓာတ်ကို ကျောင်းသားထုအတွင်း ပြန့်ပွားအောင် လှုံ့ဆော်ခဲ့သည်။ အခြားသော အမျိုး သားလွတ်မြောက်ရေးအဖွဲ့များနှင့်လည်း    ပူးပေါင်း ဆောင်ရွက်ခဲ့ကြသဖြင့်      မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင်   ပထမမျိုးဆက်များသည်    ရန်ကုန် တက္ကသိုလ် ကျောင်းထွက်များ ဖြစ်ကြသည်။ မက္ကော လေး၏ ကိုလိုနီဝါဒမူဖြင့်  ဖွင့်လှစ်ခဲ့သည့် ရန်ကုန် တက္ကသိုလ်သည် ပွဲအစမှာပင်  မျိုးချစ်ဝါဒီ  ပညာ တတ်များ၏   အလဲထိုးခြင်းကို     ခံလိုက်ရသည်။ မှန်းချက်နှင့် နှမ်းထွက်  မကိုက်ခဲ့ပေ။ မွေးတုန်းက ကျွန် မြို့ပိုင်၊ နယ်ပိုင် စသည့် ဒေသခံ ဗျူရိုကရက်များ ဖြစ်လာစေရန်ပါ။ ရလာတော့ အင်္ဂလိပ်ကိုလွတ်လပ်  ရေးအတွက် ရှေ့တန်းက တိုက်ခဲ့သည့် တက္ကသိုလ် ကျောင်းထွက်  ခေါင်းဆောင် သခင်မျိုးဆက်တွေပါ။ ထိုခေါင်းဆောင်များသည်   သူတို့နှင့်အတူ    မြန်မာ အားလုံးကို လွတ် လပ်သည့် သခင်ဘဝရောက်အောင် ဆောင်ကြဉ်းခဲ့ပါသည်။   ကျွန်မွေးရန်      ရန်ကုန် တက္ကသိုလ်ဖွင့်သည့်     ရလဒ်က   မြန်မာတွေကို လွတ်လပ်သည့်သခင်ဘဝ ပြန်လည်ရရှိစေပါသည်။ ပညာသည်တန်ခိုး (Knowledge is Power) ဟု အတွေးအခေါ် ပညာရှင်ကြီး ဘေကွန် (Bacon) ၏ အဆိုအတိုင်းပါပဲ။ ပညာတတ်လာတော့ ကျွန်မြို့ အုပ်၊ နယ်ပိုင် စသည့် ပဋိညာဉ် ဝန်ထမ်းတို့ဟာလည်း စား၊ ဝတ်၊ နေရေး ပြေလည်ရုံသာရှိသည့် ကျွန်ဘဝဆို တာသိပြီး လွတ်လပ်တဲ့သခင် မြန်မာတွေ ဖြစ်ချင် လာပါတော့သည်။ သို့အတွက် “ပညာရေးတိုက်ပွဲ” ကို   တက္ကသိုလ်မဖွင့်မီ   နှစ်ရက်အလိုကတည်းက ဆင်နွှဲခဲ့တာမို့    “လွတ်လပ်ရေး     ရောင်ခြည်အစ တက္ကသိုလ် ကျောင်းသားသပိတ်က” (သို့မဟုတ်) “လွတ်လပ်ရေး သန္ဓေအစ ပညာရေးလှုပ်ရှားမှုက” ဟု မော်ကွန်းတင်ချင်ပါသည်။ 

 


လွတ်လပ်ရေးသန္ဓေအစဟု     ဆိုရခြင်းမှာ ထိုလှုပ်ရှားမှုသည်    တက္ကသိုလ်အက်ဥပဒေကို ကန့်ကွက်ပြီး  ရပ်မသွားခဲ့ပေ။ လှုပ်ရှားမှုနှင့်အတူ အမျိုးသားကျောင်းများ ပေါ်ပေါက်ခဲ့ကာ ထိုကျောင်း များက “အမျိုးသားရေးစိတ်ဓာတ်   ပြင်းထန်သူများ” ကို  မွေးဖွားပေးခဲ့ပါသည်။ ထိုသူများ  တက္ကသိုလ် ရောက်သည့်အခါတွင်လည်း ကျောင်းသားသမဂ္ဂ တွင် ဝင်ရောက်နေရာယူကာ တက္ကသိုလ် ပရိဝုဏ်မှ တစ်ဆင့် တစ်နိုင်ငံလုံး  အမျိုးသားရေးစိတ်ဓာတ်၊ လွတ်လပ်ရေးစိတ်ဓာတ် ပြန့်ပွားအောင် လှုံ့ဆော် ရင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ သာဓကအား ဖြင့်  ၁၉၃၆  ခုနှစ် ဒုတိယ ကျောင်းသားသပိတ်တွင် တက္ကသိုလ်ကျောင်းသားများသည်   သခင်အဖွဲ့နှင့် လည်းကောင်း၊  ၁၉၃၈ ခုနှစ် တတိယကျောင်းသား သပိတ်တွင်    အလုပ်သမား၊  လယ်သမားများနှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် ပထမ     ကျောင်းသားသပိတ်မှ    လွတ်လပ်ရေး သန္ဓေသားကို    ဆက်လက်ကြီးထွားဖွံ့ဖြိုးအောင်    ဆောင်ရွက်နိုင်ခဲ့ကြခြင်း ဖြစ်ပေသည်။ 

 


အမျိုးသားပညာရေးနှင့် အမျိုးသားကျောင်းများ


ထိုနေ့မတိုင်မီက  ရန်ကုန်မြို့ရှိ   အလုံကူရှင် ဟိုက်စကူးကျောင်းသားများ  သပိတ်မှောက်ကြ သည်။ ထိုသပိတ်တွင်    ပါဝင်သည့်     ဟိုက်စကူး ကျောင်းသားများကလည်း တက္ကသိုလ်ကျောင်းသား သပိတ်နှင့်ပူးပေါင်းပါဝင်ကြသည်။   သို့အတွက် ထိုကျောင်းသား များ၏     ကျောင်းမတက်ရသည့်     ရက်သည် ရှည်ကြာလာ၏။   မိဘများက    စာမသင်ရမှာ၊ စာမတတ်မှာ    စိုးရိမ်လာကြသည်။    သို့ဖြစ်၍ မိဘများ၊ ရပ်မိရပ်ဖများ၊ သပိတ်မှောက်တက္ကသိုလ် ကျောင်းသားများ ပူးပေါင်းကာ အမျိုးသားကျောင်း များ ဖွင့်ကြသည်။ အမျိုးသားပညာရေးကောင်စီကို ဖွဲ့စည်းပြီး  စနစ်တကျ  တစ်တိုင်းပြည်လုံး  ဖွင့်လှစ် နိုင်ခဲ့သည်။ သင်ရိုးများကလည်း “အမျိုးသားရေး အသိဉာဏ်ထွန်းလင်းစေရေး” ကို ဦးတည်ထားပါ သည်။ သပိတ်မှောက်ကျောင်းသား  ခေါင်းဆောင် များ ကိုယ်တိုင်ကလည်း အမျိုးသားကျောင်းအုပ်များ နှင့် ဆရာများအဖြစ် တာဝန်ယူကြသည်။ သာဓက အနေဖြင့် ၁၉၂၀ ပြည့်နှစ် ကျောင်းသားခေါင်းဆောင်  ၁၁ ဦးထဲမှ   ဥက္ကဋ္ဌ  ဦးဘဦးအပါအဝင်  ဦးဖိုးကွန်း၊ ဦးဘရှင်(သံတွဲ)၊ဦးဘရှင် (ထားဝယ်)နှင့် ဦးထွန်းဝင်း တို့သည် အမျိုးသားကျောင်းအုပ်ကြီးနှင့် အမျိုးသား ကျောင်းဆရာများ ဝင်လုပ်ကြသည်။ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များဖြစ်ကြသည့်  သခင်မြ၊ ဦးဘဝင်း၊ ဦးရာဇတ်၊ ဦးသန့်၊ ဦးနုတို့သည်လည်း  အမျိုးသား ကျောင်းဆရာများပင် ဖြစ်ပါသည်။ 

 


အမျိုးသားကောလိပ်ကိုလည်း ဖွင့်နိုင်ခဲ့သည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှင့် ဒီးဒုတ် ဦးဘချို တို့သည် ထင်ရှားသည့် အမျိုးသားကောလိပ် ဆရာ များ ဖြစ်ကြပါသည်။ အမျိုးသားကောလိပ်မှ ဘွဲ့ရသူ များတွင် ဆရာကြီးဦးရာဇတ်သည် ထင်ရှားပေ သည်။  အမျိုးသားကျောင်းများတွင်   ဆရာများ သည်  အလွန်အနစ်နာခံ၊ ကိုယ်ကျိုးစွန့်ခဲ့ရသည်။ တကယ်တော့ တက္ကသိုလ်ကျောင်းသားများသည် ကျောင်းမထွက်ဘဲ   ဘွဲ့ရခဲ့လျှင်   ကိုလိုနီအစိုးရက ရာထူးပေးရန် အဆင်သင့် ဖြစ်သကဲ့သို့ သူဌေးသမီး ရှင်များကလည်း   တင်တောင်းသည့်   အချိန်အခါ ဖြစ်ပေသည်။ ထိုအခွင့်အရေးကို  လက်လွှတ်၍ မလောက်မင ထောက်ပံ့ကြေးလစာဖြင့် အမျိုးသား ကျောင်းဆရာဝင်လုပ်ကြသည်မှာ   ကြီးမားသည့် အမျိုးသားရေးစိတ်ဓာတ်ကြောင့်    ဖြစ်ပါသည်။ နိုင်ငံ၏ လွတ်လပ်ရေးကို   မျှော်ကိုး၍  သူတို့၏ ကိုယ်ကျိုးစီးပွားကို စွန့်ခဲ့ကြသည်။ စွန့်ရကျိုးလည်း နပ်ခဲ့ပါသည်။
အမျိုးသားကျောင်းများတွင် အမျိုးသားရေးကို အားပေးသည့်   သင်ရိုးညွှန်းတမ်းဖြင့်   လေ့ကျင့် သင်ကြားပေးရုံသာမက    နှစ်စဉ်အမျိုးသားနေ့ ရောက်တိုင်း  ဆရာ၊  ကျောင်းသား၊  ပြည်သူတို့ လက်တွဲ၍ စီတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခြင်း၊ ကျွန်စိတ် ကျွန်သွေးကို  ပယ်၍  သခင်စိတ်   သခင် သွေးများ    ပြည့်လျှမ်းအောင်     ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊  အမိနိုင်ငံ   လွတ်လပ်ရေးအတွက် သစ္စာအဓိဋ္ဌာန်ပြုခြင်းတို့ကို    ဆောင်ရွက်ကြရင်း    “အမျိုးသားရေးစိတ်ဓာတ်”     ကြွယ်ဝအောင် လေ့ကျင့်ပေးခဲ့ပါသည်။   ဤသို့ဖြင့်      အမျိုးသား ကျောင်းထွက်များသည် လွတ်လပ်ရေးကြိုးပမ်းမှုတွင်       ပါဝင်သည့် ခေါင်းဆောင်မျိုးဆက်များ ဖြစ်လာကြပါသည်။ 

 


မန္တလေးဥပစာကောလိပ် ပေါ်ထွန်းလာခြင်း


ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကန့်ကွက်ရ သည့် အကြောင်းများတွင်  ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ကောလိပ်တစ်ခုတည်းသာ ရှိရမည် ဆိုသည့်အချက်နှင့်  ယင်းသည်    ရန်ကုန်မြို့၌သာ ရှိရမည်ဟူသည့်အချက် ဖြစ်ပါသည်။ ဤအချက်က လည်း အထက်မြန်မာပြည်နှင့် တောင်တန်းဒေသ များမှ  ပညာထူးချွန်သူများ  တက္ကသိုလ်ပညာနှင့် အလှမ်းဝေးစေနိုင်သောကြောင့်    ဖြစ်ပါသည်။ ကန့်ကွက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်  အက်ဥပဒေကို  ၁၉၂၄  ခုနှစ်တွင်   ပြင်ဆင်လိုက်ရာ   မန္တလေးတွင် ဥပစာကောလိပ်တစ်ခုထားရန်     ပါရှိလာသဖြင့်  ၁၉၂၅  ခုနှစ်တွင် မန္တလေးဥပစာကောလိပ် ဖွင့်လှစ် နိုင်ခဲ့ပေသည်။ အထက်အညာအရပ်ရှိ ပညာထူးချွန် သူများ   သင်ကြားခွင့်ရရှိခဲ့သဖြင့်   ဦးသိန်းဖေမြင့်၊ ဦးကျော်ငြိမ်း (နောင်တွင် ဝန်ကြီးချုပ်)၊ သခင်ဗဟိန်း နှင့်  ဗိုလ်မှူး  ချစ်ကောင်းတို့ကဲ့သို့သော  ထက်မြက် သည့် လွတ်လပ်ရေး ခေါင်းဆောင်များ ပေါ်ထွန်းခဲ့ပါသည်။  

 


ဒီမိုကရေစီဘက်တော်သားဆိုတာ 
အမျိုးသားရေးကို သစ္စာခံခြင်းပါ


သပိတ်မမှောက်ခင်   ဗဟန်းရှိ   ဦးအရိယာ ကျောင်းတွင်    ရန်ကုန်ကောလိပ်နှင့်    ဂျပ်ဆင် (ယုဒသန်) ကောလိပ်မှ ကျောင်းသား  ၆၀၀ ခန့် စည်းဝေးကြသည်။ ရန်ကုန်တက္ကသိုလ်  ဥပဒေကို ကန့်ကွက်    သပိတ်မှောက်ရန်   သဘောတူကြ သည်။  သို့သော်     မည်သို့သပိတ်မှောက်မည်ဆိုသည့် အချက်တွင် အယူအဆ နှစ်မျိုးကွဲနေပါသည်။ 
ပထမအဆို - “လိုလားချက်များ၊ မကျေနပ်ချက် များအတွက် ကိုယ်ထိလက်ရောက် အရေးယူသည့် အနေဖြင့် သပိတ်ကို အရင်မှောက်၊ နောက်မှ လိုလား ချက်၊ မကျေနပ်ချက်များကို တင်ပြတောင်းဆိုရန်။”

 


ဒုတိယအဆို - “တက္ကသိုလ် ဥပဒေကို ပြင်ဆင်ပေးရန် ဘုရင်ခံထံ ပထမလျှောက်ထားရမည်။ အစိုးရက လိုက်လျောခြင်း မပြုပါမှ သပိတ်မှောက်ရန်၊ သပိတ် မှောက်ရာတွင်လည်း ကာလအပိုင်းအခြားမရှိ၊ အစိုး ရက လိုက်လျောခြင်း မပြုသမျှ မှောက်ရန်။” ဟူ၍ ဖြစ်ကြပါသည်။ 

 


ပထမအဆိုကို ရန်ကုန်ကောလိပ်မှ ကိုဘဦးက တင်သွင်းခြင်းဖြစ်ပြီး    ဒုတိယအဆိုကို    ဂျပ်ဆင် ကောလိပ်မှ ကိုဖိုးကျားက တင်သွင်းသည်။ အဆို နှစ်ခုကို နှစ်ဖက်စလုံးက အကြိတ်အနယ် ဆွေးနွေး သည်။  ဘယ်ဘက်ကမှ   မလျှော့ကြပေ။   သို့နှင့် အစည်းအဝေး သဘာပတိက မဲဆန္ဒဖြင့် ဆုံးဖြတ်ရန် စီစဉ်သည်။ သဘာပတိက နှစ်ဖက်စလုံးမှ ပုဂ္ဂိုလ် များအား “ဆန္ဒမဲများ၍ နိုင်သည့်အဖွဲ့၏ လုပ်ငန်းစဉ် အတိုင်း ရှုံးသောဘက်မှ မဖောက်မပြန်လိုက်ပါရန်” ကတိကဝတ်ပြုစေသည်။     နှစ်ဖက်ပုဂ္ဂိုလ်များ ကလည်း ကတိပြုကြသည်။ မဲခွဲသောအခါ ကိုဘဦး (နောင်တွင် အမျိုးသား ကျောင်းအုပ်) ၏ အဆိုက နိုင်သဖြင့် ကိုဖိုးကျား (နောင်တွင် အမျိုးသားပညာ ဝန်) နှင့် သူ၏အဖွဲ့သားများက   ပြုထားသည့်ကတိ ကို မဖျက်သည့်အပြင် လိုက်ပါဆောင်ရွက်ခဲ့သည်။ ဆွေးနွေးစဉ်က လုံးဝအလျှော့မပေးခဲ့ကြသည့် အဖွဲ့ နှစ်ဖွဲ့သည် နှစ်ဖက်ကျောင်းသားထု၏ မှန်ကန်ပြီး
တရားမျှတသည့်မဲဖြင့် ဆုံးဖြတ်ပြီးသည့်အခါတွင် အားလုံး ညီညီညွတ်ညွတ်  လိုက်နာဆောင်ရွက်ကြ သည်။ လေးစားဦးညွှတ်မိပါသည်။ အဘယ်ကြောင့် ဆိုသော် အဆိုအောင်သည့် ကိုဘဦးတို့အဖွဲ့သည် အစိုးရပိုင် ရန်ကုန်ကောလိပ်မှဖြစ်ပြီး  ရှုံးနိမ့်သည့် ကိုဖိုးကျားတို့အဖွဲ့သည် နှစ်ခြင်းသာသနာပြုပိုင် ဂျပ်ဆင်ကောလိပ်မှ ဖြစ်သည်။ ငါတို့ ကောလိပ်က အဆို  မဟုတ်၍  မလုပ်နိုင်ဟုဆိုကာ ဦးဖိုးကျားတို့ အဖွဲ့   အတ္တဦးဆောင်ကာ   ကန့်လန့်တိုက်ခဲ့လျှင် မြန်မာ့ပညာရေး   အပြောင်းအလဲ    ဖြစ်လာစရာ အကြောင်းမရှိပေ။ အမျိုးသားနေ့၊ အမျိုးသားပညာ ရေးနှင့် အမျိုးသားကျောင်းများလည်း ပေါ်ပေါက် လာစရာ မရှိပေ။ ဒီမိုကရေစီ ဘက်တော်သား   ပညာ တတ်ဆိုတာ    အဖွဲ့အစည်းနောက်သို့     မလိုက်၊ အမျိုးသား အကျိုးစီးပွားကိုသာ သစ္စာခံကြောင်း ကျွန်တော်တို့အား လမ်းပြပေးသည့်အတွက်ကြောင့် လေးစားဦးညွှတ်မိခြင်း ဖြစ်ပါသည်။ 

 


အတ္တထက် အမျိုးသားရေးကို ပုံဖော်ကြသူများ


“အမျိုးသားနေ့”   ဆိုသည့်     နာမည်တွင် “ကျောင်းသားလှုပ်ရှားမှု” လုံးဝမပါပေ။ အမည်ကို ဖတ်ရုံ၊  ကြားရုံ၊  မြင်ရုံဖြင့်   ကျောင်းသားများ လှုပ်ရှားခဲ့တာကြောင့်ဟု မသိသာပေ။ နောက်ကြောင်း သမိုင်းကို သိပါမှသာ သိနိုင်ပေသည်။ ထိုလှုပ်ရှားမှု ကာလ၌ ဗဟန်းရပ် သပိတ်မှောက် ကျောင်းသားများ အစည်းအဝေးတစ်ခုတွင် မြို့မ ဆရာတင့်က အဆို တင်သွင်းကာ ဤနေ့ကို  “ကျောင်းသားများနေ့” ဟု အတည်ပြုခဲ့ပါသည်။   သို့သော်လည်း   နဝမ အကြိမ်မြောက် ဂျီစီဘီအေအသင်း   ညီလာခံက “အမျိုးသားနေ့” ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်ကို တစ်ပြည်လုံး လက်ခံခဲ့ကြသည်။ ထပ်ဆင့် ဂုဏ်ပြု သည့်အနေဖြင့်  ဒေါက်တာဘမော်က  ပညာရေး ဝန်ကြီး တာဝန်ယူသည့်  ၁၉၃၄ ခုနှစ်တွင် နိုင်ငံ တစ်ဝန်းလုံးရှိ ကျောင်းများအား ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ခဲ့ရာမှ သူနန်းရင်းဝန်ဖြစ်လာသည့်  ၁၉၃၈  ခုနှစ်တွင် တစ်ပြည်လုံး အစိုးရ ရုံးပိတ်ရက် အဖြစ်   သတ်မှတ်ခဲ့၏။    ထိုသို့   အမျိုးသားနေ့ သတ်မှတ်ရခြင်းနှင့်  ပတ်သက်၍ သပိတ်မှောက် ခေါင်းဆောင် ဦးဖိုးကျားက ထိုကွန်ဖရင့်ကြီးမှာ “မြန်မာနိုင်ငံတွင် ဂိုဏ်းဂဏ ပါတီတို့ မကွဲပြားပြီ။ အညီအညွတ်ဆုံး၊ အားအကောင်းဆုံး တစ်နိုင်ငံလုံး ကိုယ်စားလှယ်များ     အစုံလင်ဆုံးအချိန်ဖြစ်၍ လေးနက်သော   ဆုံးဖြတ်ချက်၊   ရိုသေအပ်သော ဆုံးဖြတ်ချက် ဖြစ်ပေသည်” ဟု ဖော်ပြခဲ့ပါသည်။ 

 


အမျိုးသားနေ့ကို ပေါ်ပေါက်စေသည့် ပညာ တတ်များ၏ ပညာရေးလှုပ်ရှားမှုက ကျွန်တော်တို့ကို ပေးခဲ့သည့် အမွေများမှာ “တက္ကသိုလ်ကျောင်းသား ပညာတတ်ဆိုတာ တိုင်းတစ်ပါးကျွန်ဘဝကို  မခံယူ လိုကြသူများ၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြပြီး လွတ်လပ်တဲ့ဘဝကို မြတ်နိုးသူများပါ။ အမျိုးသား အကျိုးစီးပွားကို စောင့်ထိန်း၏။ ပျက်စီးမည့်အလုပ် ကို မလုပ်ပါ။ သူများဖျက်ဆီးလျှင် ကာကွယ်တတ်ကြ သူများပါ။   အမျိုးသားကျောင်းဆရာများက   စား၊ ဝတ်၊  နေရေး    မပြေလည်မှုကို   ကြံ့ကြံ့ခံသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပြ၏။ ပညာတတ်ဆိုတာ ဆင်သွားရင် လမ်းဖြစ်သကဲ့သို့ မိမိတို့ရဲ့ လှုပ်ရှားမှု များသည် အမျိုးသားအကျိုးစီးပွားအတွက် ကိုလိုနီ ကျွန်ပြုရေးသမိုင်းကို အပြီးတိုင်ချုပ်ငြိမ်းသည်အထိ ရေရှည်ဆောင်ရွက်နိုင်စွမ်းရှိသူများနှင့် အမျိုးသား ရေးကို ဦးထိပ်ထားပါမှ ဒီမိုကရေစီသမား” ဟူသည့် အမွေပင် ဖြစ်ပါသည်။ 

 


သူတို့ခေတ်တွင်  ကျွန်တော်တို့  အဘိုးအဘွား တက္ကသိုလ်ကျောင်းသား ပညာတတ်များ တာဝန် ကျေခဲ့ပါသည်။ နယ်ချဲ့ပရိယာယ်ကို စာဖတ်နာသူ ပညာတတ်များပီပီ သိခဲ့၍ ကျွန်ပညာရေးမှ သခင် ပညာရေးသို့ ဦးတည်ပြောင်းလဲခဲ့သည်။ စား၊ ဝတ်၊ နေရေးအတွက် မြို့ပိုင်၊ နယ်ပိုင်လုပ်ပြီး နယ်ချဲ့ကို သစ္စာမခံခဲ့။ ကိုယ်ကျိုး အနာခံကာ အမျိုးသားအကျိုး စီးပွားကိုသာ  သစ္စာခံခဲ့သည်။   ကျွန်တော်တို့သည် ထိုကဲ့သို့   မြင့်မြတ်သည့်   အဘိုးအဘွားတို့၏ မျိုးဆက်များဖြစ်သည်။ 

 


သို့ဖြစ်၍ ငါတို့ခေတ်ကျမှ မျိုးဆက်ညံ့ကြသူ များ မဖြစ်ကြရန်  တာဝန်ရှိပေသည်။  မညံ့ဖို့တော့ ပညာတတ်ဆိုတဲ့    သင်တို့၊    ကျွန်တော်တို့သည် အဝေးထိန်း ခေတ်သစ်ကိုလိုနီဝါဒ (Neocoloni-alism) ကို  ဉာဏ်ပညာဖြင့်   မြင်အောင်ကြည့်ပြီး သတိပြုကာကွယ်ရန် လိုပေလိမ့်မည်။ ပြီးတော့ အဘိုးအဘွားများ၏ အမျိုးသားရေးစိတ်ဓာတ်အမွေ ကို ဆက်ခံပြီး လက်ဆင့်ကမ်းရန်လည်း လိုပါလိမ့် မည်။ သခင်အဖြစ် မွေးလာပြီးပါမှ ခေတ်သစ်ကိုလိုနီ တွေရဲ့ အခိုင်းခံကျွန်ဘဝ မရောက်ရန် သတိကြီးကြီး ထားပြီး မိမိနိုင်ငံနှင့် လူမျိုး ဖွံ့ဖြိုးမှုကို အမျိုးသားရေး အမြင်ဖြင့်    အားသွန်ကြိုးပမ်းရင်း  ၁၂၈၂    ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်  ၁၀  ရက်နေ့ (လွန်ခဲ့ သော ၁၀၁ နှစ်) ပညာရေးလှုပ်ရှားမှုတွင် ဦးဆောင် ပါဝင် လှုပ်ရှားခဲ့ကြသည့် အဘိုးအဘွား ပညာတတ် တက္ကသိုလ် ကျောင်းသားများ၏ “အမျိုးသားရေး စိတ်ဓာတ်” ကို  ဆက်လက်ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ကြပါဟု တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။  


အညွှန်း။    ။ (၁) ဦးဖိုးကျား (အမျိုးသားနေ့ ရာဇဝင် အကျဉ်းချုပ်၊ (၁၅-၁၁-၁၉၇၀) နေ့ ထုတ် အိုးဝေဂျာနယ်၊ အမှတ် ၅၅။
        (၂) မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဌာနချုပ်   (၁၉၇၀)   အမျိုးသားနေ့ နှင့်  အမျိုးသားပညာရေး လှုပ်ရှားမှု သမိုင်း။