ပန်းလိုလျှင် အပင်ကိုပျိုးပါ၊ မီးလိုလျှင် လျှပ်စစ်ကို ကာကွယ်စောင့်ရှောက်ကြပါ

Type

 

မျိုးမြင့်သူ

ယခုတလော လျှပ်စစ်ဓာတ်အားသယ်ပို့နေသော တာဝါတိုင်များ ဖျက်ဆီးခံရသည့် သတင်းများကို တီဗွီသတင်းနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် ဖတ်ရှုမိသည်။ ဥယျာဉ်မှူးတွေမှာ မိမိတို့စိုက်ပျိုးထားသည့် အပင်များ ရှင်သန်၊ ဖူးပွင့်၊ ဝေဆာ၊ လှပစေရေးအတွက် မြက်နုတ်၊ ပေါင်းသင်ရုံသာမက  ရွက်ဖျန်းဆေး၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ၊ အားဆေးတို့ကို လိုအပ်သလို ထည့်သွင်းကျွေးမွေးပြုစုပေးကြရပါသည်။ ထို့အတူ “မီး”လိုလျှင် (ဝါ) “လျှပ်စစ်ဓာတ်အား” လိုအပ်လျှင်လည်း  လျှပ်စစ်ဓာတ်အားလိုင်းများ၊ တာဝါတိုင်များ၊   ထရန်စဖော်မာများ  မပျက်စီးရေး၊  ဖျက်ဆီးမခံရရေး၊  ဓာတ်အားလေလွင့်ပျောက်ဆုံးမှု   နည်းပါးရေး၊ ဓာတ်အားခိုးယူသုံးစွဲမှု ပပျောက်ရေးတို့ကို ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးကြရန် လိုအပ်ပါသည်။
နိုင်ငံတစ်ဝန်း   လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ရေး၊ ခလုတ်တစ်ချက်နှိပ်ရုံဖြင့်   လျှပ်စစ်ဓာတ်အားသုံး ပစ္စည်းများ သုံးစွဲနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင်   ၁၂  မျိုးချင်းသုပ်ကဲ့သို့ စုံစီနဖာ အမျိုးမျိုးလုပ်ဆောင်ကြရပေသည်။ ဓာတ်အားပေးစက်ရုံများမှထုတ်လုပ်ရရှိသော  လျှပ်စစ်ဓာတ်အား များကို  ဓာတ်အားခွဲရုံများ၊  ထရန်စဖော်မာများမှ တစ်ဆင့်      လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ အရောက်ပေးပို့ရာတွင် အရွယ်အစားအမျိုးမျိုးသော ဓာတ်ကြိုးများကို တာဝါတိုင်အဆင့်အမျိုးမျိုးဖြင့် အိမ်အရောက် ပို့ဆောင်နေရခြင်းဖြစ်သည်။
လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်     စက်ရုံ များမှ  တစ်နိုင်ငံလုံးအတွက်  လျှပ်စစ်ဓာတ်အား အပြည့်အဝ  ထုတ်လုပ်နိုင်ခဲ့လျှင်ပင် ထုတ်လုပ်ရရှိ သော   လျှပ်စစ်ဓာတ်အားများသည်   လျှပ်စစ် ဓာတ်အားသုံးစွဲသူပြည်သူများထံ  ရောက်ရှိစေရေး အတွက် ရှေ့တွင်ရေးသားပြသထားသည့် တာဝါ တိုင်များ၊  ဓာတ်အားလိုင်းများ (ဓာတ်ကြိုးများ)၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများ၊ စက်ကိရိယာ များအားလုံး   သူ့နေရာနှင့်သူ  ကောင်းမွန်မှသာ ထုတ်လုပ်သမျှ လျှပ်စစ်ဓာတ်အားကို ရရှိသုံးစွဲနိုင် ကြပေမည်။
လျှပ်စစ်ဓာတ်အား 
သုံးစွဲသူပြည်သူများထံ ရောက်ရှိရေး 
ဓာတ်အားပေးစက်ရုံများ၊  ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများစသည်တို့မှာ  မြန်မာပြည်အနှံ့ မြို့ရွာများ၊     ကျေးလက်များတွင်ရှိနေကြသည်။ သို့သော်   တုတ်ခိုင်ကြီးမားပြီး  လျှပ်စစ်ဓာတ်အား စီးနေသော ဓာတ်ကြိုးများကို ထမ်းပိုးထားရသည့် တာဝါတိုင်အကြီးစား၊ အလတ်စားများ၊ ဓာတ်ကြိုး များမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့်စက်ရုံ များမှ   ထွက်ရှိလာသော  လျှပ်စစ်ဓာတ်အားများ ဓာတ်အားသုံးစွဲသူပြည်သူများထံ   ရောက်ရှိရေး အတွက် တောအထပ်ထပ်၊ တောင်အသွယ်သွယ်၊ ရေစီးသန်လှသောမြစ်များ၊ ချောင်းများ၊  လျှိုမြောင် များစွာတို့ကို     ဖြတ်သန်းကာ     အဆင့်ဆင့် လက်ဆင့်ကမ်းရင်း        အရောက်လှမ်းနေရခြင်း ဖြစ်သည်။
တားဆီးမရသော သဘာဝဘေးအန္တရာယ်
ထိုသို့ အရောက်လှမ်းရာတွင် တားဆီးမရသော သဘာဝဘေးအန္တရာယ်ဖြစ်သည့်       လေပြင်း တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ ရေကြီးရေလျှံခြင်း၊ ဓာတ်အားလိုင်းပေါ်သို့    သစ်ပင်သစ်ကိုင်းများ ကျိုးကျ၊   လဲကျခြင်းတို့ကြောင့်  တာဝါတိုင်များ ကျိုးခြင်း၊ လဲခြင်း၊ ဓာတ်ကြိုးများ ပြုတ်ကျခြင်းတို့ ကြောင့် ယာယီလျှပ်စစ်ဓာတ်အား ပြတ်တောက် ခြင်းများ ဖြစ်တတ်ပါသည်။
အလားတူ  စက်ဘက်  လိုင်းဘက် ချွတ်ယွင်းမှု၊ တောရိုင်းတိရစ္ဆာန်တို့   နှောင့်ယှက်မှုများကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ရသည်မျိုးလည်း ရှိတတ်ပြန်သေးသည်။   ဘာကြောင့်ဓာတ်အား ပြတ်ပြတ်၊   ဘာကြောင့်မီးပျက်ပျက်    ဖြစ်လျှင် ဖြစ်ချင်းပင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်း များအနေဖြင့်  ရာသီဥတုဒဏ်ကိုမမှု၊  နေ့ညမရွေး အလျင်အမြန် ရှာဖွေပြုပြင်ကြသည်သာဖြစ်သည်။
သို့ရာတွင် လွန်ခဲ့သောနှစ်မှစပြီး LNG ဓာတ်ငွေ့ ဈေးနှုန်း   အဆမတန် ဈေးတက်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရရှိမှု  နည်းပါး၍လည်းကောင်း၊ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနည်းပါး၍ လည်းကောင်း လျှပ်စစ်ဓာတ်အားကို စက်စွမ်းအား အပြည့်မထုတ်လုပ်နိုင်ဘဲ အခြေအနေ အချိန်အခါ အရ   ထိန်းညှိမောင်းနှင်၍   လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရသဖြင့်  ဓာတ်အားမလုံလောက်မှုကြောင့် အချိန်ပြည့်       လျှပ်စစ်ဓာတ်အားမပေးနိုင်ဘဲ အလှည့်ကျ   လျှပ်စစ်ဓာတ်အားပေးနေရခြင်းကို ပြည်သူများသိရှိပြီးဖြစ်ပါသည်။
ဓာတ်အားလိုင်းများ ဗို့အားမြှင့်တင်ခြင်း
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ဤကဲ့သို့    နိုင်ငံအတွင်း   လျှပ်စစ်ဓာတ်အား မလုံမလောက်ဖြစ်နေသဖြင့် နိုင်ငံတော်မှ အစီအမံ များချမှတ်ပြီး    ငွေလုံးငွေရင်းအသုံးစရိတ်များ  ပိုမို ခွင့်ပြုပေးခြင်း၊ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး အတွက် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ရေအားလျှပ်စစ်ထုတ်လုပ်ခွင့်ပြုခြင်း၊ နိုင်ငံခြားချေးငွေများ ချေးခွင့်ပြုခြင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲနိုင်သည့် လေအားလျှပ်စစ်၊ နေရောင် ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ/ဆိုလာပြား များသုံး၍ ဓာတ်အားထုတ်လုပ်ပေးသော စက်ရုံများ ကို အလျင်အမြန် တည်ဆောက်အကောင်အထည် ဖော်နေခြင်း၊   ဓာတ်အားပိုမိုထွက်ရှိလာသည်နှင့် အမျှ ထွက်ရှိလာသည့်ဓာတ်အားများ သယ်ပို့ဖြန့်ဖြူး ရာတွင်  အချိုးကျစေရန်၊  နိုင်နိုင်နင်းနင်းရှိစေရန် ဓာတ်အားလိုင်းများတွင် ဗို့အားမြှင့်တင်ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်အစိုးရနှင့့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနက ထိုသို့ အားသွန်ခွန်စိုက် တစိုက်မတ်မတ် ကြိုးပမ်းနေချိန်မှာပင် မလိုလားသူများက လျှပ်စစ် တာဝါတိုင်များကို   ဖျက်ဆီးလျက်ရှိရာ  လျှပ်စစ် ဓာတ်အားသယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲ ဖြစ်ပြီး   ပျက်စီးသည်များကို  ပြုပြင်၍ မပြီးမချင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်မရသဖြင့် ဓာတ်အား လျော့နည်းနေမည်ဖြစ်သည်။
ဤအခြေအနေကို ပမာဏပြုရပါက အားကစား ပြိုင်ပွဲများတွင်     လူအများစိတ်ဝင်စားကြသော “ချောတိုင်တက်ပွဲ”သဖွယ် ဖြစ်နေပါသည်။ ချောတိုင် တက်ပွဲတွင် ဝါးလုံးတိုင်ထိပ်ရှိအောင်လံကို ဆွတ်ခူး ရရှိရေးအတွက် ချောတိုင်အောက်ခြေတွင် ပါဝင် ယှဉ်ပြိုင်သောအဖွဲ့မှ တောင့်တင်းသောပုဂ္ဂိုလ်များက အမာခံရပ်နေပြီး   ၎င်းတို့၏  အထက်မှ  ချောတိုင် တက်ကျွမ်းကျင်သူများက အောင်လံရရှိရေးအတွက် ချောတိုင်ထိပ်သို့ ကြိုးစားတက်စဉ် ချောတိုင်ထိပ်ရှိ “ချောဆီ”များကျလာပြီး အောင်လံရရှိရေးအတွက် ကြိုးစား၍ချောတိုင်တက်သူမှာ   ပြုတ်ကျလိုက်၊ ပြန်တက်လိုက်ဖြင့် တော်ရုံတန်ရုံ ဇွဲ၊ ကျွမ်းကျင်မှု ရှိရုံဖြင့်      တိုင်ထိပ်ရှိအောင်လံကို   မရနိုင်သလို ဖြစ်သည်။     လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေး တွင်လည်း တာဝန်ရှိသူများက အစွမ်းကုန်ကြိုးပမ်း နေကြသော်လည်း တည်ဆောက်ပြီးသား လျှပ်စစ် တာဝါတိုင်များ၊ ဓာတ်အားလိုင်းများကို တစ်ဖက်မှ ဖျက်ဆီးနေကြပါက လျှပ်စစ်ဓာတ်အားတိုးတက် ရရှိရေးအတွက်    အတော်ပင်ရုန်းကန်ကြရမည် ဖြစ်သည်။
အချုပ်ဆိုရသော်   “ပန်းလိုလျှင်  ပန်းကိုပျိုးပါ”၊ “မီးလိုလျှင် လျှပ်စစ်ကို ကာကွယ်စောင့်ရှောက်ပါ” ဟူသည့်အတိုင်း ထုတ်လုပ်သမျှ လျှပ်စစ်ဓာတ်အား များ လျှပ်စစ်ဓာတ်အားသုံးစွဲသူတို့ထံ အပြည့်အဝ ရောက်ရှိစေရေး၊ လျှပ်စစ်ဓာတ်အား မပြတ်တောက် ရေး၊ လျှပ်စစ်တာဝါတိုင်များ၊ ဓာတ်အားလိုင်းများ၊ ထရန်စဖော်မာများ မပျက်စီးရေး၊ အဖျက်ဆီးမခံရ ရေးအတွက် ပြည်သူများက ဝိုင်းဝန်းကူညီကာကွယ် စောင့်ရှောက်ပေးကြရန် လိုအပ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။       ။