
တောင်လှေကားမြို့တော်၊ နှင်းမှုန်မြို့တော်လို့ အမည်နာမအမျိုးမျိုးနဲ့ တင်စားခေါ်ဝေါ်ကြတဲ့
ပြင်ဦးလွင်မြို့မှာ ပြည်တွင်းခရီးသွားဧည့်သည်တွေ မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့
ဒိုင်နိုဆောပန်းခြံအကြောင်းကို ရေးသားဖော်ပြပေးလို ပါတယ်။ ဒိုင်နိုဆောပန်းခြံဟာ ပြင်ဦးလွင်မြို့ကိုလာတဲ့ ပြည်တွင်းခရီးသွားဧည့်သည်တွေ အများဆုံး သွားရောက် အပန်းဖြေလည်ပတ်ကြတဲ့ ခရီးစဉ်ဒေသ တစ်ခုလည်း ဖြစ်ပါတယ်။
ထင်ရှားတဲ့ နေရာတွေ
ပြင်ဦးလွင်မြို့ဟာ လေ့လာစရာတွေ၊ ခံစား ကြည့်ရှုစရာတွေ၊ လည်ပတ်စရာနေရာတွေ များပြား လှတဲ့ ခရီးစဉ်ဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပြင်ဦးလွင်မြို့ရဲ့ ထင်ရှားတဲ့ နေရာတွေကတော့ အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ဘုရင်ခံအိမ် (ခေါ် ) Governors House ၊ ဓာတ်တော်ချိုင့်ရေတံခွန်၊ Fame Organic Project ၊ ပိတ်ချင်းမြောင်၊ ဒီဇင်ဘာ ခြံ၊ ဘန့်ဘွေးကျင်းရေတံခွန်နဲ့ ပွဲကောက်ရေတံခွန်တို့ ဖြစ်ပြီး ပြည်တွင်းခရီးသွားတွေ အများဆုံးလည်ပတ် ပါတယ်။
စိတ်ကူးကောင်းကောင်းနဲ့ ပုံဖော်ထား
ဒိုင်နိုဆောပန်းခြံကိုတော့ မြေအကျယ် သုံးဧက နီးပါးပေါ်မှာ My house garden (PyinOoLwin) လို့ အမည်ပေးထားပြီး စားသောက်ဆိုင်နဲ့အတူ Mini Zoo ပုံစံသဖွယ် တွဲဖက်ဆောက်လုပ်ထားတာဖြစ်ပါ တယ်။ ရုပ်ရှင်တွေထဲမှာသာမြင်ဖူးကြတဲ့ ဒိုင်နိုဆော အရုပ်တွေကို စိတ်ကူးကောင်းကောင်းနဲ့ ပုံဖော် ထုဆစ်ထားပြီး လက်ရှိမှာတော့ ဒိုင်နိုဆောအရုပ် ခြောက်ရုပ်နဲ့ ကလေးတွေအကြိုက် ငှက်ရုပ်ကြီး အပါအဝင် စုစုပေါင်း ခုနစ်ရုပ်ရှိပါတယ်။ ပန်းခြံထဲမှာ မိသားစုလိုက် တစ်နေကုန် အပန်းဖြေလည်ပတ်နိုင် အောင် ဖန်တီးပေးထားပါတယ်။ “မိုးတွင်းကာလ မှာတော့ ခရီးသွားဝင်ရောက်လည်ပတ်တာက နည်းပါးပါတယ်။ ပိတ်ရက်လောက်ပဲ ဧည့်သည်များ ကြတယ်။ အခါကြီး ရက်ကြီးတွေဆို လူဦးရေ ၅၀၀ ဝန်းကျင်လောက် လာရောက်လည်ပတ်ကြတယ်”လို့ ဒိုင်နိုဆောပန်းခြံမှ မန်နေဂျာ ကိုရဲနိုင်က စာရေးသူ ကို ပြောပြပါတယ်။
ဝင်ကြေး
ဝင်ကြေးအနေနဲ့ လူကြီးတစ်ဦးကို ကျပ် ၂၀၀၀ နဲ့ ကလေးတစ်ဦးကို ကျပ် ၁၅၀၀ နှုန်း ကောက်ခံပါတယ်။ ပန်းခြံထဲမှာ အပျော်စီးရဟတ်တစ်စီးကိုလည်း ထည့်သွင်းပေးထားပြီး ရဟတ်စီးရင် လူကြီးတစ်ဦး ကို ကျပ် ၅၀၀ နှုန်း ထပ်မံကောက်ခံတယ်လို့ သိရ ပါတယ်။
ဒိုင်နိုဆောပန်းခြံဟာ မန္တလေး- လားရှိုးလမ်းမကြီး ပေါ်မှာတည်ရှိပြီး ပန်းခြံဖွင့်ရတဲ့ ရည်ရွယ်ချက်က တော့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိစေရန်ရည်ရွယ်ပြီး ဒိုင်နိုဆောပန်းခြံကို စိတ်ကူး ပုံဖော်ကာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မိသားစုနဲ့အတူ၊ ချစ်သူနဲ့အတူ၊ မိတ်ဆွေတွေနဲ့ အတူ ပြင်ဦးလွင်မြို့ကို ရောက်ဖြစ်ခဲ့ရင် ပြင်ဦးလွင် မြို့တော်က ခရီးသွားဧည့်သည်တွေ မဖြစ်မနေ သွားရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်တဲ့ ဒိုင်နိုဆောပန်းခြံကို သွားရောက်လည်ပတ်နိုင်စေဖို့ ရေးသားဖော်ပြပေးလိုက်ရပါတယ်။ ။