
နေပြည်တော် မတ် ၁၇
ပြင်ဦးလွင် ကော်ဖီစီမံကိန်းအကောင်အထည်ဖော်မှု ကွင်းဆင်းစစ်ဆေးချက် အစီရင်ခံစာများအပေါ် ပြန်လည်စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်များနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက မြန်မာနိုင်ငံ၏ စီးပွားဖြစ်ကုန်းမြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် အရိပ်ပင်အောက်တွင် စိုက်ပျိုးရသည့် သဘာဝရှိသော ကော်ဖီသီးနှံ စိုက်ပျိုးရေးသည် စီးပွားရေးအတွက်သာမက သဘာဝပတ်ဝန်းကျင် အခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်း နိုင်ရန် ရည်ရွယ်ပြီး ၂၀၀၂ ခုနှစ်မှစတင်၍ ပြင်ဦးလွင် ဝန်းကျင်တွင် ကော်ဖီသီးနှံ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရေး ကြိုးပမ်းခြင်းဖြစ်ကြောင်း၊ ကော်ဖီ စိုက်ပျိုးရန် ခွင့်ပြုထားသော ဧရိယာအတွင်း ကော်ဖီ စိုက်ပျိုးခြင်းမရှိဘဲ လူနေအဆောက်အအုံနှင့် အခြား လုပ်ငန်းများတွင် သုံးစွဲထားမှုများအပေါ် တည်ဆဲ ဥပဒေများနှင့်အညီ စိစစ်ကြပ်မတ်ရန် ဆက်စပ် ဌာနများနှင့် ပူးပေါင်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ပြင်ဦးလွင် ကော်ဖီစီမံကိန်း အကောင်အထည်ဖော်ရာတွင် စိုက်ပျိုးမြေများ ရယူသုံးစွဲထားသော ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ဧရိယာပြည့် စိုက်ပျိုးရေးအတွက် မြေအသုံးချခွင့်ပြုထားစဉ်က သတ်မှတ်ပေးထားသည့်အတိုင်း အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးကို သက်ဆိုင်ရာဌာန များက ချမှတ်ပေးထားသောမူနှင့် စည်းကမ်းချက် များအတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအပေါ် အခြေခံ၍ စီမံကိန်းအောင်မြင်အောင် တိကျစွာ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပြင်ဦးလွင် ကော်ဖီစီမံကိန်းဧရိယာအတွင်းရှိ သစ်တောဧရိယာအတွင်း ကျရောက်လျက်ရှိသော ကော်ဖီစိုက်ပျိုးမြေ လုပ်ကိုင်သူများအနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ မူဝါဒ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ပြင်ဦးလွင်ကော်ဖီစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ကွင်းဆင်း အဖွဲ့များဖွဲ့စည်း စစ်ဆေးမှုများအရ တွေ့ရှိရသည့် အခြေအနေများအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြ သူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ကွင်းဆင်းစစ်ဆေးချက်များ၊ ကော်ဖီစိုက်ပျိုးရန် လုပ်ပိုင်ခွင့်ပြုထားသည့် မြေပေါ် တွင် သတ်မှတ်ထားသော စည်းကမ်းချက်ပါ လမ်းမြေ အဆောက်အအုံ အရွယ်အစားထက် ပိုမိုအသုံးပြုခြင်း၊ အခြားသီးနှံစိုက်ပျိုးခြင်းနှင့် ကော်ဖီ စိုက်ပျိုးထားခြင်း မရှိသော မြေယာများအပေါ် ဥပဒေနှင့်အညီ စီမံ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်