
ပါရီ ဇွန် ၉
လုပ်ခလစာတိုးမြှင့်ရေးနှင့်ပတ်သက်ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့တော်၏ အဓိကလေဆိပ်၌ သပိတ်မှောက်မှုများ ဖြစ်ပွားခဲ့သောကြောင့် လေကြောင်းခရီးစဉ် လေးပုံတစ်ပုံခန့် ရပ်ဆိုင်းခဲ့ရသလို လေယာဉ်ပြေးလမ်းများကို ပိတ်ထားခဲ့ရပြီး ခရီးသည်များလည်း ခရီးစဉ်များ နှောင့်နှေးကြန့်ကြာခဲ့သည်။ သပိတ်မှောက်ခြင်းများက ဥရောပလေကြောင်းလိုင်းကဏ္ဍကို ရုတ်ရုတ်သဲသဲဖြစ်စေခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါမှ ခရီးသွားကဏ္ဍ ပြန်လည်နိုးထသက်ဝင်လာချိန်တွင် ဝန်ထမ်း ပြတ်လပ်မှုကြောင့် ဥရောပလေဆိပ်အတော်များများ ခရီးသည် ဝင်ထွက်သွားလာမှုလုပ်ငန်းစဉ်များကို လွယ်ကူချောမွေ့စေရန် ခက်ခက်ခဲခဲ ရုန်းကန် ကြိုးစားဆောင်ရွက်နေရသည်။
လုပ်ခလစာတိုးမြှင့်ရေးနှင့် ပတ်သက်ပြီး လေကြောင်းအလုပ်သမားများ သပိတ်မှောက်ပြီး နောက် ပါရီ-ချားလ်ဒီဂေါလ်လေဆိပ်၌ လေကြောင်း ခရီးစဉ် ၁၀၀ ခန့် ဇွန် ၉ ရက် နံနက်ပိုင်းက ဖျက်သိမ်းခဲ့ရသည်။
မီးသတ်သမားများ၏ သပိတ်မှောက်မှုကလည်း လေဆိပ်နှစ်ခု၏ လေယာဉ်ပြေးလမ်းလေးခုကို နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ပိတ်ထားရမှု ဖြစ်စေခဲ့ကြောင်း လေကြောင်းအော်ပရေတာ အေဒီပီက ပြောသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင် များ ရှားပါးပြတ်လပ်ခဲ့ပြီး ဝန်ထမ်းအင်အား ပြတ်တောက်နေချိန်တွင် သပိတ်မှောက်အလုပ် သမား ၈၀၀ ခန့် လေဆိပ်အပြင်ဘက်တွင် လုပ်ခ လစာကို ယူရို ၃၀၀ (အမေရိကန်ဒေါ်လာ ၃၂၀) ခန့် တိုးမြှင့်ပေးရန် သပိတ်မှောက်ခဲ့သည်။
အေအက်ဖ်ပီ