
ပွင့်ဖြူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီ ရေလွှဲဆည်ရေကို အမှီပြု၍ နွေနှမ်းဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် တောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မတ် ၁၅ ရက်တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး တို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရ သည်။
ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ် အတွင်းရှိ တောင်သူများ ရာသီအလိုက် သီးနှံ များ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံ စေရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ ဆည်ရေကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာ မြေ စိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက် ပေးလျက်ရှိရာ တောင်သူများ စိုက်ပျိုးရေလုံလောက် စွာရရှိသဖြင့် သီးနှံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ယခု ၂၀၂၂ - ၂၀၂၃ နွေသီးနှံစိုက်ပျိုးရာသီ တွင် မြို့နယ်အတွင်းရှိ တောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် စိုက်ပျိုးရေ ဖြန့်ဝေ မည့်ရက်အား ဒေသခံတောင်သူများ သိရှိနိုင်ရန်နှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ရေလက်တံ မြောင်းများအတွင်း ရေမြိတ်များနှင့် ခြုံနွယ် ပိတ်ပေါင်းများ ပိတ်ဆို့မှုမဖြစ်စေရေး၊ နွေသီးနှံ စိုက်ပျိုးလယ်မြေများ စိုက်ပျိုးရေမျှတစွာရရှိရေးတို့ အတွက် ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ထားရှိရန် အသိပေး နှိုးဆော်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရ သည်။
“ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူတွေ သီးနှံအချိန်မီစိုက်ပျိုးနိုင်ရေး ကြိုတင် ပြီးတော့ တောင်သူတွေကို ရေလက်တံမြောင်းတွေ ပိတ်ဆို့မှုမရှိအောင် ရှင်းလင်းထားကြဖို့နဲ့ လယ်ယာ မြေတွေ ပြုပြင်ဆောင်ရွက်ထားဖို့အတွက် အခု ကတည်းက ကြိုတင်ပြီး အသိပေးနှိုးဆော်ထားပါ တယ်။ ခါတိုင်းနှစ်တွေက နွေသီးနှံ စပါးနဲ့ နှမ်း စိုက်ပျိုးလို့ရအောင် စိုက်ပျိုးရေ ဖြန့်ဝေပေးနိုင် ပေမယ့် ဒီနှစ်မှာတော့ ဆည်ရေဝင်ရောက်မှုနည်းတဲ့ အတွက် နွေနှမ်းစိုက်ပျိုးဖို့အတွက်ပဲ ဆည်ရေ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ နွေနှမ်းအတွက် စိုက်ပျိုးရေဖြန့်ဝေမယ့်ရက်ကိုတော့ မတ် ၁၅ ရက်မှာ စတင်ဖြန့်ဝေပေးမှာဖြစ်ပါတယ်။ အခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ နွေနှမ်းလျာထား စိုက်ပျိုးဧကအနေနဲ့ မဲဇလီဆည်ရေသောက်စနစ်နဲ့ နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ်က အိုင်းမဆည်ရေသောက်စနစ်နဲ့ နွေနှမ်းဧက ၅၀၀ စုစုပေါင်း နွေနှမ်းစိုက်ဧက ၆၀၉၂၈ ဧက လျာထား စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)